ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ တူးလော့စ်ကို အဝေးကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ဆိုးရွားခဲ့တာကြောင့် ရှုံးပွဲနဲ့သာ ထိုက်တန်ခဲ့တာပါလို့ ထုတ်ဖော် ပြောကြားလာပါတယ်။

လီဗာပူးက ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ တူးလော့စ် ၊ ယူနီယံ ၊ LASK စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စု ပထမအကျော့ ၃ပွဲ ကစားခဲ့ရာ ၃ပွဲစလုံးကို အနိုင်ရရှိခဲ့ပေမယ့် အုပ်စု ဒုတိယအကျော့ရဲ့ ပထမဦးဆုံးပွဲ ဖြစ်တဲ့ တူးလော့စ်နဲ့ ပွဲမှာတော့ ဒီရာသီ ပထမဦးဆုံး ယူရိုပါလိဂ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Talksport

တူးလော့စ်နဲ့ လီဗာပူးတို့ ပွဲစဉ်မှာ အိမ်ရှင် တူးလော့စ်က နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် လီဗာပူးဆီ ကနေ တတ်နိုင်သမျှ ရမှတ် ခွဲဝေယူရန် ကြိုးစားခဲ့သလို ဧည့်သည် လီဗာပူးကလည်း ၁ပွဲ နိုင်ရုံနဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်တော့မှာ ဖြစ်တာကြောင့် တူးလော့စ်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ပွဲမှာ လီဗာပူးရဲ့ ခြေစွမ်းဟာ မျှော်လင့်ထားသလောက် မကောင်းမွန်ခဲ့တာကြောင့် အိမ်ရှင် တူးလော့စ်ရဲ့ တန်ပြန်တိုက်စစ် ကစားဟန်က အတော်လေး အလုပ်ဖြစ်ခဲ့ပြီး ပွဲရဲ့ အဖွင့်ဂိုး ၂ဂိုးကိုလည်း တူးလော့စ်ကပဲ စတင် ရရှိခဲ့တာပါ။

Photo Credit: Standard

တူးလော့စ်အတွက် သွင်းဂိုးတွေကို ပွဲချိန် ၃၆မိနစ် ၊ ၅၈မိနစ်နဲ့ ၇၆မိနစ်တွေမှာ တောင်ပံကစားသမား ဒိုနန် ၊ တိုက်စစ်မှူး ဒါလင်ဂါနဲ့ လူစားဝင် တိုက်စစ်မှူး မာဂရီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး တူးလော့စ် ကွင်းလယ်လူ ကာဆီရက်စ်ဟာ လီဗာပူးဘက်ကို လက်ဆောင် ချေပဂိုး တဂိုး ပြန်ပေးခဲ့သလို လီဗာပူးရဲ့ နောက်ထပ်ချေပဂိုးကိုတော့ ပွဲချိန် ၈၉မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဂျိုတာက သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

တူးလော့စ် ၃-၂ လီဗာပူး ပွဲအပြီးမှာတော့ လီဗာပူးနည်းပြချုပ် ကလော့ပ်က သူတို့အသင်းရဲ့ ကစားပုံဟာ အတော်လေး ဆိုးရွားခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားသလို သူတို့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ဆိုလာပါတယ်။ ကလော့ပ်က – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးတွေလိုမျိုး ဂိုးတွေကို ခွင့်ပြုလို့ မရပါဘူး။ ပထမဂိုးကို လက်ခံပေးလို့ ရပေမယ့် ဒုတိယပိုင်းမှာ အဲ့ဒီဂိုးနဲ့ ဆင်တူတဲ့ နောက်ထပ်ဂိုး တဂိုးကို ထပ်ခွင့်ပြုခဲ့ရပြန်ပါတယ်။ ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းက အတော်လေး ပွင့်နေသလို ခံစစ်ကြောင်းရဲ့ နောက်ဆုံး နောက်ခံလူတွေကလည်း အရမ်းကို အထဲရောက်နေပါတယ်။ ပြိုင်ဘက်က ကျွန်တော်တို့ကို ၅ဂိုး အထိ သွင်းခဲ့ပြီး ၂ဂိုး ပြန်ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခြေစွမ်းက မကောင်းခဲ့ဘူး ဆိုတာ ထင်ရှားပါတယ်။ ပြိုင်ဘက်ရဲ့ ခြေစွမ်းပိုင်းက ကောင်းခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ ခြေစွမ်းဟာ လုံလောက်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတယ်လို့ ပြောရင်လည်း ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။