ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါတာ ပရပ်ချ် ၁-၅ လီဗာပူး ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာရဲ့ သွင်းဂိုးဟာ လူကျွံဘော မဟုတ်ဘူးလို့ ပွဲပြီးအင်တာဗျူးမှာ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးက ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ချက်ထိပ်သီးကလပ် စပါတာ ပရပ်ချ်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး ယနေ့မနက်မှာ သူတို့နှစ်သင်းက ပထမအကျော့ အဖြစ် ချက်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးက ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ဆီ ရောက်ရှိဖို့ သေချာသွားခဲ့ပါတယ်။

Photo Credit: Euro Sports

စပါတာ ပရပ်ချ်နဲ့ လီဗာပူး ပွဲစဉ်မှာ အိမ်ရှင် စပါတာက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့သလို လီဗာပူးကလည်း အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ နေရာမှာ ကွမ်ဆက်ကို ထည့်သွင်း ကစားခဲ့တာကလွဲရင် ကျန်တဲ့ နေရာတွေမှာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အဝေးကွင်းမှာ နိုင်ပွဲ ရဖို့ ကြိုးစားခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းခဲ့တာခြင်း တူပေမယ့် နှစ်သင်းရဲ့ ကစားသမား အင်အားက အတော်လေး ကွာခြားတာကြောင့် လီဗာပူးကပဲ ပွဲစပွဲဆုံး စပါတာ ပရပ်ချ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး လီဗာပူးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၆မိနစ်မှာ ပင်နယ်တီကနေ တဆင့် အယ်လစ္စတာ ၊ ပွဲချိန် ၂၅မိနစ်နဲ့ ၄၅+၃မိနစ်တို့မှာ နူနက်ဇ် ၊ ပွဲချိန် ၅၃မိနစ်မှာ ဒီယက်ဇ်နဲ့ ပွဲချိန် ၉၀+၄မိနစ်မှာ ဆိုဘော့ဇလိုင်းတို့က အသီးသီး သွင်းယူပေးခဲ့ကြကာ အိမ်ရှင်အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကတော့ လီဗာပူးညာနောက်ခံလူ ဘရက်ဒ်လေရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ ရရှိခဲ့တာပါ။

Photo Credit: Talksports

စပါတာ ပရပ်ချ် ၁-၅ လီဗာပူး ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရတဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကလည်း ပွဲချိန် ၇၄မိနစ်မှာ လူးဝစ် ဒီယက်ဇ်နဲ့ လူစားလဲကာ ဝင်ရောက် ကစားခွင့် ရခဲ့ပြီး ဆာလာက ပွဲချိန် ၈၄မိနစ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် VARဒိုင်အဖွဲ့ကတော့ ဆာလာဟာ  လူကျွံအနေအထားမှာ ရောက်နေတာကြောင့် လူကျွံဘောသာ ဖြစ်ကြောင်း ပြောကာ ဆာလာရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

VARဒိုင်အဖွဲ့က ဆာလာရဲ့ သွင်းဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်တွေ အရ ဆာလာဟာ လူကျွံအနေအထားမှာ မရှိကြောင်း မြင်တွေ့ခဲ့ရပြီး လီဗာပူးနည်းပြချုပ် ကလော့ပ်ကလည်း ဆာလာရဲ့ သွင်းဂိုးဟာ လူကျွံဘော မဟုတ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ကလော့ပ်က – “မိုရဲ့ သွင်းဂိုးက အဆင့်မြင့်တဲ့ သွင်းဂိုးပါ။ ကျွန်တော်တို့က အဲ့ဒီဂိုးကို ပြန်ကြည့်ပြီးပါပြီ။ အဲ့ဒီဂိုးက လူကျွံဘော မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။