ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူ့ရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် စိတ်ထားမှန်မှန်နဲ့ ကြိုးစားခဲ့လို့ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ မားကပ် ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစား ကစားသင့်ကြောင်း နောက်ဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၄လုံး အောင်မြင်မှု ရဖို့ ၂ပွဲသာ အနိုင်ရဖို့ လိုအပ်ခဲ့တဲ့ အထိ ခြေစွမ်းထက်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ရဲ့ ချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၄ အတွင်း ဝင်ရောက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Mirror

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀နေရာ အထိ ရောက်ရှိနေသလို အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလာ ၊ နူနက်စ် ၊ ဗန်ဒိုက် ၊ အာနိုးလ် ၊ ဟန်ဒါဆန် ၊ ဖာဘင်ဟိုတို့ကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေကြပြီး အယ်လီဆန် ၊ ရော်ဘတ်ဆန်နဲ့ မာတစ်တို့လောက်သာ နဂိုခြေစွမ်းကို ထိန်းသိမ်းထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ကလော့ပ်က ဝုလ်ဗ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ သူ့ရဲ့ ကစားသမားတွေဟာ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ရပေမယ့် ဇွဲလုံ့လ ရှိရှိ ကြိုးစားခဲ့တာကြောင့် ယခုအချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရနေတဲ့ မားကပ် ရက်ဖို့ဒ်ကို အတုယူသင့်ကာ ကြိုးစားသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့တာပါ။

Photo Credit: Mirror

ကလော့ပ်က – “ခြေစွမ်းကျဆင်းတယ် ဆိုတာဟာ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတခုပါ။ ကျွန်တော်တို့ရဲ့ ကစားသမား တချို့က သူတို့ရဲ့ အရင် ခြေစွမ်းတွေကို ပြန်မရသေးတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကစားသမားတွေက ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ရပါမယ်။ မားကပ် ရက်ဖို့ဒ်က သူတို့အတွက် အကောင်းဆုံး ဥပမာ တခုပါပဲ။ ရက်ဖို့ဒ်ရဲ့ ပြီးခဲ့တဲ့ရာသီခြေစွမ်းနဲ့ ဒီရာသီခြေစွမ်းက အတော်လေး ကွာခြားပါတယ်။ ရက်ဖို့ဒ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဘယ်လို ပြန်ရလာလဲ ဆိုတာကို သေချာလေး ရှင်းပြနိုင်မယ်လို့ မထင်ပေမယ့် ဘောလုံးလောကမှာ ဒီလိုမျိုး အခိုက်အတန့်တွေက ဖြစ်တတ်ပါတယ်။ ခင်ဗျားက အနိမ့်ကျဆုံးနဲ့ အမြင့်ဆုံး အချိန်တွေကို ကောင်းကောင်းကြီး ဖြတ်ကျော်နိုင်ရပါမယ်။ အဲ့ဒီလို အချိန်တွေမှာ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကြိုးစားသွားဖို့ လိုပါတယ်” ဆိုပြီး သူ့ရဲ့ ကစားသမားတွေကို ဆုံးမသွားခဲ့တာပါ။