ယနေ့ညမှာ ကျင်းပမယ့် လီဗာပူးနဲ့ ဝုလ်ဗ် ပွဲစဉ် ပြီးသွားရင် လီဗာပူးနည်းပြဘဝကို စွန့်လွှတ်တော့မယ့် ဝါရင့် ဂျာမန်နည်းပြကြီး ယာဂင် ကလော့ပ်က သူ့ရဲ့ ပြိုင်ဘက်လည်းဖြစ် ၊ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်တဲ့ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး နည်းပြချုပ် ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှာ ဒေါ့မွန်ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက လီဗာပူးကို ဆယ်စုနှစ် တစုနီးပါး ကိုင်တွယ်ခဲ့ရာ လီဗာပူးကို ပရီးမီးယားလိဂ်ရဲ့ အထည်ကြီးပျက်အသင်းအဖြစ် ကနေ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကာရာဘောင်းဖလား ၂ကြိမ် စုစုပေါင်း ဆုဖလား ၈လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ အသက် ၅၃နှစ် အရွယ် စပိန်လူမျိုး နည်းပြချုပ် ပပ် ဂွာဒီယိုလာက မန်ချက်စတာ စီးတီးကို ၂၀၁၆ခုနှစ်မှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပပ် ဂွာဒီယိုလာရဲ့ လက်အောက်မှာ မန်ချက်စတာ စီးတီးက နှစ်ပေါင်းများစွာကြာ တောင့်တခဲ့ရတဲ့ ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်ခဲ့သလို စုစုပေါင်း ဆုဖလား (၁၆)လုံး အထိ ရရှိခဲ့ပါတယ်။

Photo Credit: Goal

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးတို့က ၈နှစ်ကြာအောင် အင်္ဂလန်ရဲ့ ဆုဖလားတွေကို အကြိမ်ကြိမ် အပြိုင် လုခဲ့ကြတာကြောင့် ကလော့ပ်အတွက် ဂွာဒီယိုလာဟာ ပြိုင်ဘက်ကောင်း တဦး ဖြစ်ခဲ့ပြီး ကလော့ပ်ကတော့ မန်ချက်စတာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၄နှစ်ဆက် ရယူနိုင်ဖို့ နီးစပ်နေတဲ့ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း သူ့ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံးအင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “လူတိုင်းက မန်ချက်စတာ စီးတီးမှာ စွဲချက်ပေါင်း ၁၁၅ချက် ရှိတာကို သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီစွဲချက် ၁၁၅ချက် ဆိုတာ ဘာတွေလဲ ဆိုတာကို အတိအကျ မသိပါဘူး။ ကျွန်တော် သိတာက ဂဏန်းတွေပဲ သိပါတယ်။ လူတွေက မန်ချက်စတာ စီးတီးကို ဘယ်လိုပဲမြင်မြင် ၊ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြပါပဲ။ အဲ့ဒါကတော့ အရမ်းကို သိသာလွန်းတဲ့ အချက် တခုပါ” လို့ ပြောကြားရင်း ပြိုင်ဘက်ကြီး ဂွာဒီယိုလာကို ချီးကျူးသွားခဲ့တာပါ။