ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ယခုတပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ချယ်လ်ဆီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အသင်း မဟုတ်ပါဘူးလို့ ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၁ လူတန်တောင်း ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယနေ့မနက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် လူတန်တောင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ပထမပိုင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်အစွမ်းပြကာ ၄ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရကာ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ရမှတ် ၄မှတ် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

လီဗာပူး ၄-၁ လူတန်တောင်း ပွဲစဉ်မှာ လူတန်တောင်း အတွက် သွင်းဂိုးကို ပွဲချိန် ၁၂မိနစ်မှာ တောင်ပံကစားသမား အော့ဂ်ဘီနီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး လီဗာပူးအတွက် သွင်းဂိုးတွေကိုတော့ ဗန်ဒိုက် ၊ ဂတ်ပို ၊ ဒီယက်ဇ်နဲ့ အဲလိယော့စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို လာမယ့် တနင်္ဂနွေနေ့မှာလည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲ အဖြစ် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

Photo Credit: Football Transfer

လီဗာပူးက ချယ်လ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ကာရာဘောင်းဗိုလ်လုပွဲမှာလည်း လီဗာပူးသာ အနိုင်ရသွားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပေမယ့် ကလော့ပ်ကတော့ သူတို့အသင်းဟာ ဖလားရဖို့ ရေပန်းစားနေတဲ့အသင်း မဟုတ်ပါဘူးလို့ ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့အသင်းက ဗိုလ်လုပွဲမှာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းလားလို့ မေးရင် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ချယ်လ်ဆီးက ကျွန်တော်တို့နဲ့ ပွဲပြီးကတည်းက အများကြီး တိုးတက်လာတဲ့ အသင်းပါ။ ဒါကြောင့် အဲ့ဒီပွဲက ခန့်မှန်းရခက်တဲ့ပွဲ လို့ ပြောချင်ပါတယ်။ ဒီညကတော့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ညလေး ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။