ချယ်လ်ဆီးအသင်းကို အရန်ကစားသမားတွေ လူငယ်ကစားသမားတွေ ပါဝင်တဲ့ အစုအဖွဲ့နဲ့အတူ အနိုင်ယူပြီး ဆွတ်ခူး ပိုင်ဆိုင်လိုက်ရတဲ့ ခါရာဘောင် လိဂ်ဖလားက သူ့အတွက် တကယ်ကို အထူးစပယ်ရှယ် ဆုဖလားတစ်ခု ဖြစ်တယ်လို့ လီဗာပူးလ်နည်းပြကြီး ယာဂင် ကလော့ပ်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အသင်းရဲ့ အဓိက ကစားသမား အများစု ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရစဥ် ချယ်လ်ဆီးနဲ့ လိဂ်ဖလား ဖိုင်နယ်မှာလည်း ကစားသမား မစုံမလင်နဲ့ ပွဲထွက်လာခဲ့ရပါတယ်။ ဒါ့အပြင် ပွဲအတွင်း ကစားသမား ဒဏ်ရာရရှိမှုအပြင် မိနစ်(၉၀)ထဲ အနိုင်အရှုံးမပေါ်လို့ အချိန်ပို ဆက်ကစားရာ ကစားသမား ပွဲပန်းမှုကြောင့် လူငယ်လေးတွေကိုပါ နေရာပေးခဲ့ရပါသေးတယ်။

Photo Credit : Football365

ဒါပေမယ့် လီဗာပူးလ်က ရှိတဲ့အင်အားလေးနဲ့ အချိန်ပို ဒုတိယပိုင်း ပြီးခါနီးမှာပဲ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့ပြီး (၁၀)​ကြိမ်မြောက် လိဂ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ရပါတယ်။ ဒီဆုဖလားနဲ့ ပတ်သက်ပြီး ကလော့ပ်က “ကျွန်တော်ရဲ့ နည်းပြဘဝ အနှစ်(၂၀)ကျော် ကာလအတွင်းမှာ ဒီဆုဖလားကို ကျွန်တော့်အတွက် အထူးစပယ်ရှယ် ဖလားတစ်လုံးလို့ အလွယ်တကူ သတ်မှတ်နိုင်ပါတယ်။”

“ဒါက လုံးဝကို ထူးခြားပါတယ်။ ဒီလိုမျိုး မကြာခဏ ဂုဏ်ယူရတာမျိုးတွေ ဖြစ်လာဖို့ ဆန္ဒပြုမိပါတယ်။ ဒီညက ခံစားချက်တွေ လွှမ်းခြုံနေတယ်။ ဒီလို ဖြစ်လာအောင် တွန်းပို့နိုင်ခဲ့တဲ့ ကျွန်တော့်လူတွေအတွက်လည်း ကျွန်တော် ဂုဏ်ယူမိပါတယ်။ အသင်းဝန်းထမ်းတွေအတွက်ရော အသင်းက အကယ်ဒမီအတွက်ပါ ကျွန်တော် ဂုဏ်ယူမိတယ်။”

Photo Credit : Sky Sports

“ဒီပွဲက ကျွန်တော့်အတွက် နောက်ဆုံး ဝင်ဘာလေပွဲစဉ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီပွဲက လူငယ်ကစားသမားလေးတွေ အသင်းမှာ ဘယ်လို ပါဝင်သွားလဲဆိုတာကို မြင်တွေ့ခဲ့ရတာပါပဲ။ ဒီလိုပွဲစဉ်မျိုးတွေဆိုတာ ဘောလုံးသမိုင်းတစ်လျှောက် မမေ့နိုင်စရာ ပွဲတွေပါပဲ။ အရမ်းလည်း ခက်ခဲခဲ့ရတယ်။”

“ထိပ်တန်း အသင်းတစ်သင်းကို အခုလို လူငယ်လေးတွေ အရန်ခုံကနေ ထကစားပြီးမှ အနိုင်ရသွားတဲ့ အလားတူပုံစံမျိုးကို ရှာတွေ့နိုင်ပါ့မလား။” လို့ ကလော့ပ်က လူငယ်ကစားသမားလေးတွေရဲ့ လုပ်အားနှုန်းအပေါ် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။