လီဗာပူးလ်အသင်း နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ဟာ ဘောလုံးလောကကို ပြန်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီးနောက် အခု သူဟာ တချိန်က သူရဲ့ပြိုင်ဘက်ကြီး ဖြစ်ခဲ့တဲ့ ဂျိုဆေး မော်ရင်ဟိုရဲ့ ခြေလှမ်းအတိုင်း စီးရီးအေဆီကို ဦးတည်နေတယ်လို့ သိရပါတယ်။

အသက်(၅၇)နှစ်အရွယ် ဂျာမန်လူမျိုး နည်းပြကြီး ကလော့ပ်ဟာ ၂၀၂၄ ခုနှစ်မှာ လီဗာပူးလ်ကနေ နှုတ်ဆက်ပြီး နည်းပြဘဝကနေ အနားယူခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အစောပိုင်းမှာတော့ Red Bull အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီတာဝန်နဲ့အတူ ရက်ဘူးအသင်းတွေဖြစ်တဲ့ လိုက်ပ်ဇစ် ၊ နယူးယော့ခ် ရက်ဘူး ၊ လိဒ်စ် ယူနိုက်တက်နဲ့ ပဲရစ် အက်စ်စီ အစရှိတဲ့ ဘောလုံးအသင်းတွေရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေကို ကြီးကြပ်ပေးခဲ့ရပါတယ်။

Photo Credit : Goal

ဒါပေမဲ့ ကလော့ပ်ဟာ ဘောလုံးလောကနဲ့ ကွင်းထဲက ပတ်ဝန်းကျင်ကို လွမ်းဆွတ်နေတယ်လို့လည်း ဆိုထားပါသေးတယ်။ ဘွန်ဒက်စ်လီဂါဖလား ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ကိုင်မြှောက်ခဲ့တဲ့ နည်းပြကြီးဟာ နေ့စဉ်နဲ့အမျှ နည်းပြလုပ်ငန်းကို ပြန်လည် လုပ်ကိုင်ချင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

La Stampa သတင်းစာရဲ့ ထူးထူးခြားခြား ဖော်ပြချက်အရ ကလော့ပ်ဟာ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ ချယ်လ်ဆီးနဲ့ လက်စတာနည်းပြဟောင်း ကလော်ဒီယို ရာနီယေးရီနဲ့ ဒီရာသီအကုန်မှာ လမ်းခွဲတော့မှာဖြစ်လို့ လစ်လပ်တော့မယ့် အသင်းနည်းပြနေရာအတွက် နည်းပြများစွာကို စောင့်ကြည့်နေသလို ရိုးမားပိုင်ရှင် Friedkin အဖွဲ့ကလည်း ကလော့ပ်ကို အချိန်အတော်ကြာကတည်းက ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Contro Calcio

La Stampa သတင်းစာကတော့ ရိုးမားအသင်းဟာ ကလော့ပ်နဲ့ အပြည့်အဝ သဘောတူညီမှု ရရှိပြီလို့လည်း ဆိုထားပါတယ်။ ကလော့ပ်ဟာ Red Bull အဖွဲ့ကနေ ထွက်ခွာပြီး အီတလီကို ဦးတည်ဖို့ ပြင်ဆင်နေကြောင်း အခြားကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အသင်းတစ်သင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကလော့ပ်အနေနဲ့ကတော့ Stadio Olimpico ကိုသာ ဦးတည်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဒီသတင်းတွေနဲ့ ဆက်စပ်ပြီး ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူကတော့ ဒီသတင်းတွေဟာ မှန်ကန်မှု မရှိကြောင်း ငြင်းဆန်ထားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ချင်နေတဲ့ ကလော့ပ်အနေနဲ့ နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ ရှိနေတဲ့ ရိုးမားအသင်းကိုများ ကိုင်တွယ်နိုင်လေမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။