အမေရိကန် ဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြရာထူးအတွက် လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကို ဆက်သွယ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ပေမယ့် ဒီကမ်းလှမ်းမှု ကလော့ပ်ကတော့ ငြင်းဆန် ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်အသင်းဟာ လက်ရှိ ကျင်းပနေဆဲဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရင်း ဥရုဂွေး ပနားမား ဘိုလစ်ဗီးယားတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်ပြီး အုပ်စုအဖွင့်ပွဲမှာသာ ဘိုလစ်ဗီးယားကို အနိုင်ရခဲ့ပေမယ့် ပနားမားနဲ့ ဥရုဂွေးတို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : New York Post

ဒီလို အခြေအနေဆိုးကြောင့်ပဲ အမေရိကန် ဘောလုံးအဖွဲ့ချုပ်ဘက်က အသင်းနည်းပြ ဘာဟယ်လ်တာကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြသစ်တစ်ဦးကိုပါ ရှာဖွေနေသလို လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ လီဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကို ချိတ်ဆက်လာခဲ့ပါတယ်။

အသက် (၅၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျာမန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး ကလော့ပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး လီဗာပူးလ်အတွက် ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလားတို့ အပါအဝင် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : theScored

ဒါပေမယ့် နည်းပြကြီး ကလော့ပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအကုန်မှာပဲ လီဗာပူးလ်အသင်းနဲ့ တရားဝင် လက်တွဲဖြုတ်ခဲ့ပြီး လီဗာပူးလ် နည်းပြရာထူးကို ကျောခိုင်းသွားခဲ့ပါတယ်။ ကလော့ပ်လို ထိပ်တန်း နည်းပြတစ်ဦး အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ ကလပ်အသင်းများစွာက ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အပြိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

ကလော့ပ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အမေရိကန် လက်ရွေးစင်အသင်းလည်း ပါဝင်လာခဲ့ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကနေဒါ မက္ကဆီကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့အခါ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကလို အခြေအနေဆိုးမျိုး မဖြစ်ရဖို့အတွက် ကလော့ပ်ကို နည်းပြသစ်အဖြစ် တာဝန်ပေးချင်လာပါတယ်။ ဒါကြောင့် အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ကလော့ပ်ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ကလော့ပ်ကတော့ ဘောလုံးနယ်ပယ် ခေတ္တ အနားယူချင်တဲ့အတွက် အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။