ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ရိန်းဂျားကို အဝေးကွင်းမှာ ၁-၇ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ယခု သီတင်းပတ် အကုန်မှာ ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲအတွက် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူးက ယနေ့မနက်မှာတော့ အုပ်စုအဆင့် ကနေ နောက်တဆင့် တက်ဖို့ အတွက် အရေးပါတဲ့ ရမှတ် ၃မှတ်ကို စကော့တလန်မြေမှာ အရယူနိုင်ခဲ့သလို အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဖာမီနို ၊ နူနက်ဇ်နဲ့ ဆာလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ တပွဲကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ရိန်းဂျား ၁-၇ လီဗာပူး ပွဲစဉ်မှာ လီဗာပူးရဲ့ ခြေစွမ်းက အိမ်ရှင် ရိန်းဂျားထက် သိသိသာသာကို အသာစီး ရရှိခဲ့သလို ဂိုးသွင်းခွင့်တွေ အမြောက်အမြားလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးရဲ့ ပရိသတ်တွေက သူတို့အသင်းရဲ့ ခြေစွမ်းတွေကို သဘောကျနေကြပြီး သူတို့အသင်းဟာ အရင်လို ခြေစွမ်းကောင်းတွေ ပြန်ရလာတော့မယ်လို့ ကြွေးကြော်နေကြပါတယ်။

လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကလည်း ရိန်းဂျားကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာကြောင့် သူတို့အသင်းရဲ့ ယုံကြည်ချက်တွေ ပြန်လည် မြင့်မားလာကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့သလို သူတို့အသင်းက မန်ချက်စတာ စီးတီးနဲ့ ကစားရမယ့် ပွဲအတွက် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့် ဖြစ်နေပြီလို့ ထင်ကြောင်းလည်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ဒီနိုင်ပွဲကြောင့် ကစားသမားတွေရဲ့ ခံစားချက်တွေ အရမ်းကို ကောင်းနေပါတယ်။ တကယ်ပါ။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေက အဆိုးကနေ အကောင်းကို ပြောင်းလဲသွားပါပြီ။ ဟိုးအရင်ကဆို ကျွန်တော်တို့တွေက အဝေးကွင်းမှာ နိုင်ပွဲ တပွဲ ရပြီးတိုင်း ဘီယာသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဒါမျိုး မလုပ်ရသေးပါဘူး။ အခုတော့ ဒီပွဲမှာ ဂိုးပြတ်နိုင်ခဲ့လို့ ကျွန်တော် ဘီယာ သွားသောက်ပါတော့မယ်။ ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ တနင်္ဂနွေနေ့မှာ ဘယ်အသင်းနဲ့ ယှဉ်ပြိုင်ရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်တို့တွေက ဒီပွဲမှာ အနိုင်ရခဲ့လို့ ရလာတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကြောင့် အဲ့ဒီပွဲ အတွက် အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။