ပရီးမီးယားလိိဂ် နာမည်ကြီးကလပ် လီဗာပူးက ယနေ့မနက် အစောပိုင်းမှာ ယူရိုပါလိဂ် အုပ်စုဒုတိယပွဲ အဖြစ် ဘယ်လ်ဂျီယံကလပ် ယူနီယံကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ လူငယ်ကြယ်ပွင့် ဂရာဗန်ဘက်ရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

 

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနီယံ ၊ တူးလော့စ် ၊ LASK စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲမှာ LASKကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ လီဗာပူးက အုပ်စု ဒုတိယပွဲ အဖြစ် ယူနီယံကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး ကလော့ပ်က အဆိုပါပွဲမှာ အဓိက ကစားသမား အများအပြားကို အနားပေးခဲ့ကာ ဂရာ​ဗန်ဘက် ၊ အီလိယော့ ၊ အန်ဒို ၊ ဆီမီကတ်စ် ၊ ကွမ်ဆက် စတဲ့ အရန်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးခဲ့ပါတယ်။

 

အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပေမယ့် လီဗာပူးကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် ကနေ ပြောင်းရွှေ့လာတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဂရာဗန်ဘက်က လီဗာပူး အတွက် အထူး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ကာ အရေးပါတဲ့ အဖွင့်ဂိုးကိုလည်း ပွဲချိန် ၄၄မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Express

လီဗာပူးအတွက် နောက်ထပ် သွင်းဂိုး ၁ဂိုးကိုတော့ ပွဲချိန် ၉၂မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဂျိုတာက သွင်းယူပေးခဲ့တာပါ။ လီဗာပူး ၂-၀ ယူနီယံ ပွဲအပြီးမှာတော့ ယာဂင် ကလော့ပ်က ခြေစွမ်းပြ ကစားသွားတဲ့ ဂရာဗန်ဘက်ကို ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

 

ကလော့ပ်က – “ဂရာဗန်ဘက်ဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ ဆိုတာ လူတွေ သိခွင့်ရခဲ့ပါပြီ။ သူက အသင်းမှာ ပျော်နေသလို ပွဲထွက်ခွင့် အတွက် တဆင့်ပြီး တဆင့် ကြိုးစားနေပါတယ်။ သူ့ရဲ့ အခြေအနေက အတော်လေး ကောင်းပါတယ်။ ပြီးတော့ ရိုင်ယန်(ဂရာဗန်ဘက်)က အသင်းရဲ့ ကစားသမား အများစုနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းတတ်ပါတယ်” လို့ ချီးကျူးစကား​ ပြောကြားသွားခဲ့တာပါ။