ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ EFLဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ သူတို့အသင်းရဲ့ ခံစစ်ပိုင်း ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

လီဗာပူးက EFLဖလားရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး သူတို့က သူတို့အသင်းရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်ခဲ့ပေမယ့် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သလို ခြေစွမ်းပိုင်းလည်း ကောင်းမွန်နေတဲ့ မန်ချက်စတာ စီးတီးကို ယှဉ်ကစားဖို့ ခက်ခဲခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီး ၃-၂ လီဗာပူး ပွဲစဉ်မှာ နှစ်သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့တဲ့ အိမ်ရှင် မန်ချက်စတာ စီးတီးက ပွဲကို ပိုမို စိုးမိုးနိုင်ခဲ့သလို ဒီဘရိုင်း ၊ ရိုဒရီနဲ့ ဂန်ဒိုဂန်တို့ရဲ့ ကွင်းလယ်က သီယာဂို တဦးထဲသာ ရှိနေတဲ့ လီဗာပူးရဲ့ ကွင်းလယ်ကို အလွယ်တကူ အသာစီး ရခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၀မိနစ်မှာ ဟာလန်း ၊ ပွဲချိန် ၄၇မိနစ်မှာ မာရက်ဇ်နဲ့ ပွဲချိန် ၅၈မိနစ်တို့မှာ အကီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး လီဗာပူးအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၂၀မိနစ်မှာ ကာဗယ်ဟိုနဲ့ ပွဲချိန် ၄၈မိနစ်မှာ ဆာလာတို့က အသီးသီး သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ကာ EFLပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် လီဗာပူးနည်းပြ ကလော့ပ်က သူ့အသင်းရဲ့ ခံစစ်ကစားပုံကို ဝေဖန်သွားခဲ့ပြီး သူတို့အသင်းဟာ ဒီထက် ပိုကောင်းတဲ့ ခံစစ်ကစားဟန်ကို ပြသနိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးတွေက တကယ်တော့ မလိုအပ်ပဲ ပေးလိုက်ရတဲ့ ပေးဂိုးတွေပါ။ ကျွန်တော်တို့က ပိုကောင်းတဲ့ လူကပ် ကစားဟန်ကို ပြသနိုင်ခဲ့သင့်ပါတယ်။ အထူးသဖြင့် တတိယဂိုးမှာပေါ့။ ပထမဂိုးမှာဆိုရင်လည်း အတူတူပါပဲ။ ကျွန်တော်တို့က သူတို့ရဲ့ ဖြတ်တင်ဘောကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့တွေ ပိုပြီး ကောင်းလာအောင် လုပ်ရမယ့် အရာတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံတွေ ဒီထက် ပိုကောင်းအောင် လုပ်ဖို့ လိုနေပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။