ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဆင့်၁၈နေရာက လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် လိဒ်ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ ခံစစ်မှူးတွေအား ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ ခံစစ်မှူးတွေရဲ့ လျော့တိလျော့ရဲ ကစားပုံတွေကြောင့် နောက်ကျ အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

Photo Credit: Mirror

လီဗာပူး ၁-၂ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ လီဗာပူးက ကစားပုံ ပိုသာခဲ့ပေမယ့် လိဒ်ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ဗဟိုခံစစ်မှူး ဖြစ်တဲ့ ဂိုမက်စ်နဲ့ ဂိုးသမား အယ်လီဆန်တို့ရဲ့ ကြားမှာ နားလည်မှု လွဲခဲ့ရာကနေ လိဒ်ယူနိုက်တက် တိုက်စစ်မှူး ရိုဒရီဂိုရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို ပွဲပြီးခါနီးမှာလည်း ဗန်ဒိုက်နဲ့ ဂိုမက်စ်တို့ရဲ့ ဘောလုံးရှင်းထုတ်ဖို့ ပျက်ကွက်မှုကြောင့် ဆမ်းမားဗယ်လီရဲ့ အနိုင်ဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပါတယ်။ အဆိုပါပွဲမှာ လီဗာပူး အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက သွင်းယူပေးခဲ့တာပါ။

လိဒ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ ကလော့ပ်က သူတို့အသင်းဟာ ကစားပုံ ကောင်းခဲ့ရဲ့သားနဲ့ အိမ်ကွင်းမှာ ရှုံးပွဲ ကြုံခဲ့ရတာလို့ ငြီးတွားသွားခဲ့သလို ခံစစ်မှူးတွေရဲ့ တဦးချင်း အမှားတွေကြောင့် လိဒ်ယူနိုက်တက်ကို အရှုံးပေးခဲ့ရတာလို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Mirror

ကလော့ပ်က – “ကျွန်တော်တို့ အတွက် ဒီရှုံးပွဲက အရှိန်နဲ့ အရှေ့ကို တက်ဖို့ ကြိုးစားရာ ကနေ နောက်ပြန်ကျသွားစေတဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပေမယ့် ပေါ့ပျက်ပျက် ပေးဂိုး တဂိုး ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် တချို့ အကြောင်းအရာတွေကြောင့် လိုအပ်နေတဲ့ အနိုင်ဂိုးတွေ မသွင်းနိုင်ခဲ့ပြန်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က ဒီပွဲမှာ ပွဲကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့သလို အလွယ်တကူလည်း ဘောလုံးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ကောင်လေးတွေက ကြိုးစားပြီးတော့ ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့သလို အပိုင် ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ခွင့်ပြုပေးလိုက်ရတဲ့ ဒုတိယဂိုးမှာ ဆိုရင် ကျွန်တော်တို့က အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သင့်ပေမယ့် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုးလို သွင်းဂိုးမျိုးကို မတားဆီးနိုင်ဘူး ဆိုရင် ရလဒ်ကောင်းတွေ ရမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်က ရလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ကတော့ အခွင့်အရေးတွေကို အရ မယူနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ပြဿနာက ပွဲကို မထိန်းချုပ်နိုင်တာပါပဲ” လို့ အသင်းသားတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပြ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။