မနေ့ညက အန်ဖီးလ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ပွဲပြီးခါနီး ဒိုကူက မက်အယ်လစ္စတာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ဟာ သေချာပေါက် ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ပေးရမှာဖြစ်ကြောင်း ယာဂင် ကလော့ပ်က ပြောကြားလိုက်ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာတော့ မန်စီးတီးက နောက်ခံလူ ဂျွန်စတုန်းစ်ရဲ့ အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပေမယ့် ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ အကီရဲ့ နောက်ပြန်ပေးမှု အမှားကနေ အီဒါဆင်က နူးညက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်မိလိုက်လို့ အယ်လစ္စတာက ပင်နယ်တီကနေ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။

Photo Credit : LFC Transfer Room

အိမ်ရှင် လီဗာပူးလ်က ဒီဂိုးရလိုက်ပြီးနောက်ပိုင်း ကစားအားပိုကောင်းလာခဲ့ရင်း ဂိုးထပ်ရနိုင်မယ့် အခွင့်အရေးတွေ အမြောက်အများ ရခဲ့ပေမယ့် ဒီယက်ဇ် အသုံးမချနိုင်ခဲ့သလို ပွဲပြီးခါနီး အယ်လစ္စတာကို ဒိုကူ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ဒိုင်တွေက VAR တောင် မကြည့်ခဲ့လို့ (၁)ဂိုးစီသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

ဒိုကူနဲ့ အယ်လစ္စတာတို့ရဲ့ incident က ရုတ်တရက်ဆိုရင် ဒိုကူ ခြေထောက် မြှောက်လိုက်တာက ဘောလုံးနဲ့ အရင်ထိတယ်လို့ ဆိုနိုင်ပေမယ့် အနှေးပြကွက်နဲ့ ကြည့်မယ်ဆိုရင် အယ်လစ္စတာက ဘောလုံးကို အရင်ထိခဲ့တာဖြစ်ပြီး ဒိုကူရဲ့ ခြေထောက်ဟာလည်း အယ်လစ္စတာ ရင်ဘတ်နားကို ကန်ကြောက်မိသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် VAR ဒိုင်တွေကတော့ ဒိုင်ကူ ဘောလုံးကို အရင်ထိတယ်လို့ သတ်မှတ်ပြီး ပြစ်ဒဏ်ပေးဖို့ လစ်လျူရှုခဲ့ပါတယ်။

Photo Credit : Poor EPL referees

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က “ဒါက လုံးဝကို ပင်နယ်တီပြစ်ဒဏ်ဆိုတာ သိသိသာသာကြီး ရှင်းရှင်းလင်းလင်းပါပဲ။ ကွင်းထဲက ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီလို ဖြတ်ထုတ်မှုတိုင်းအတွက် ပြစ်ဒဏ်ဘောက ပေးကိုပေးရမှာ ဖြစ်ပြီးတော့ သေချာပေါက် အဝါကတ်ပြာလည်း ပြသရပါလိမ့်မယ်။”

“ဒီလို ဘောလုံးရှင်းထုတ်မှုမှာ ဘောလုံးသာ ရှိမနေဘူးဆိုရင် သူက မက်အယ်လစ္စတာကိုတောင် သတ်သလို ဖြစ်သွားနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်က တစ်ခုခုတော့ ဆုံးဖြတ်ဖို့ စီစဉ်ပါလိမ့်မယ်။ ဒါပေမယ့် တခြားဒိုင်တွေကတော့ ထားလိုက်ပါတော့ကွာဆိုပြီး ဆုံးဖြတ်မယ်ထင်တယ်။” လို့ ပြောဆိုလိုက်ပါတယ်။