ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို တိုက်စစ်မှူး နူနက်ဇ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နူနက်ဇ် အစစ်ကို တွေ့ရမယ့် အချိန် ရောက်လာပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ကစားကွက်ပိုင်း အရ အသာစီး ရခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကြောင့် သွင်းဂိုးတွေ များများစားစား မရခဲ့ပဲ အဓိက တိုက်စစ်မှူး နူနက်ဇ်ရဲ့ သွင်းဂိုး တဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit: Football 365

ဒါဝင် နူနက်ဇ်ကတော့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒီရာသီ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု ၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ တဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူး ၁-၀ ဝက်စ်ဟမ်း ပွဲအပြီးမှာ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က အသင်းအတွက် နိုင်ပွဲကို ရယူပေးခဲ့တဲ့ ဒါဝင် နူနက်ဇ်အား အထူးတလည် ချီးကျူးသွားခဲ့ပြီး သူတို့ဟာ နူနက်ဇ် အစစ်ကို ပြန်မြင်နေရပြီလို့လည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football 365

ကလော့ပ်က – “နူနက်ဇ် တယောက် ဂိုးရသွားတာက တကယ်ကို ကောင်းပါတယ်။ သူက အခုဆိုရင် နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်လာပါပြီ။ အခုမှ နူနက်ဇ် အစစ်ကို မြင်ရတာပါ။ ခင်ဗျားတို့က အခု သူ့ရဲ့ အချက်အလက်တွေကို ကြည့်လိုက်ရင် အဆင်ပြေနေတာကို မြင်ရပါလိမ့်မယ်။ နူနက်ဇ်က ပထမပိုင်း အပြီးမှာ ကြွက်သား အနည်းငယ် နာကျင်နေခဲ့ပါတယ်။ ပြီးတော့ ဒုတိယပိုင်း အစ ၅မိနစ်လောက်မှာပဲ သူက သူ့ခြေထောက်ကို ဆန့်ပြီး ဘောလုံးကို ဖမ်းထိန်းလိုက်တာ မြင်ခဲ့ရပါတယ်။ ကျွန်တော်က သူ့ကို ဒဏ်ရာမရစေချင်ပါဘူး။ ဒါကြောင့်ပဲ သူ့ကို လူစားလဲခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။