မနေ့က အန်ဖီးလ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ပင်နယ်တီ ဧရိယာထဲက ထင်သာမြင်သာ လက်ထိသွားခဲ့ပေမယ့် ပင်နယ်တီ မသတ်မှတ်ပေးခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်ကို လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။

ပထမပိုင်း ပွဲကစားချိန်အတွင်း လီဗာပူးလ်အသင်း အလွတ်တည်ကန်ဘော ရရှိချိန် အာနိုးက ဧရိယာထဲ ပေးပို့လိုက်ရာ အဲ့ဒီ ဘောလုံးပေးပို့မှုကို မိုဆာလာ လက်ခံရယူနေချိန်မှာပဲ အိုဒီဂတ်က ဟန့်တားမလို လုပ်ဆောင်ရင်းနဲ့ ဧရိယာထဲ လက်ထိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ကနေ ဆက်လက် ရပ်တည်သွားနိုင်ခဲ့ပြီး လီဗာပူးလ်ကတော့ ရသင့်တဲ့ ပင်နယ်တီ မရခဲ့တာတွေနဲ့ ဒုတိယပိုင်းမှာ အာနိုး အခွင့်အရေးကြီးတစ်ခုကို အသုံးမချနိုင်တာတွေကြောင့် အာဆင်နယ်နဲ့ (၁)မှတ်အကွာ ဒုတိယနေရာမှာပဲ ရှိနေရပါတယ်။

အခုပွဲမှာ အိုဒီဂတ်ရဲ့ လက်ထိဘောက အတော်လေး ပြောစမှတ် ဖြစ်ခဲ့ရပြီး ဒီဖြစ်ရပ်က လီဗာပူးလ် ပရိသတ်တွေအတွက် စိတ်ပျက် ဒေါသထွက်စရာ ဖြစ်စေခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလော့ပ်ကလည်း ကွင်းလယ်ဒိုင် ဒါမော့တ် ဂယ်လက်ဂါအနေနဲ့ ဒီဖြစ်ရပ်ကို ပြန်လည် ရှင်းလင်းရမယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Tribuna

“ဒီဖြစ်ရပ်ကို ကျွန်တော် ပွဲချိန်အတွင်းမှာ မမြင်လိုက်ရဘူး။ ပွဲပြီးသွားတော့မှပဲ မြင်ခဲ့ရတာပါ။ ကျွန်တော်တို့ အားလုံး ဒီဖြစ်ရပ်ကို လက်ထိဘောဆိုပြီး အကုန် လက်ခံထားကြတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဒီကိစ္စကို မစ္စတာ ဒါမော့တ်(ကွင်းလယ်ဒိုင်) ဘယ်လို ဖြေရှင်းချက် ထုတ်လာမလဲဆိုတာ ကျွန်တော် စောင့်လိုက်ပါဦးမယ်။

“ဒါက လက်ထိဘော မဟုတ်ခဲ့ဘူးဆိုတာကို ရှင်းပြဖို့ နည်းလမ်းတော့ ရှာရပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ဒါက လက်ထိဘောဆိုတာ အသိသာကြီးပဲ။ ဒါက ပွဲရလဒ်ကို ပြောင်းလဲသွားနိုင်မလား ဆိုတာတော့ ကျွန်တော်လည်း မပြောတက်ဘူး။ ပြီးတော့ ဘယ်အချိန်က ဖြစ်ခဲ့တာလဲဆိုတာ ပွဲချိန်အတွင်းမှာ ကျွန်တော် မမြင်ခဲ့ဘူး။ ဒါပေမယ့် ဒါက သေချာပေါက် handball ပါ။” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။