ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်းဟာ အနိုင်ရလဒ်ကို ရရှိခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ဦးဆောင်ဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် ချေပဂိုးတွေ ပြန်လိုက်သွင်းကာ အံ့မခန်းခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

လီဗာပူး ၂-၂ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး အာဆင်နယ်က ပွဲအစပိုင်းမှာ အိမ်ရှင် လီဗာပူးတို့ အထနှေးနေတာကို အခွင့်ကောင်း ယူကာ ပွဲချိန် ၈မိနစ်နဲ့ ၂၈မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကို မာတီနယ်လီနဲ့ ဂျေဇူးတို့က သွင်းယူပေးခဲ့ကြတာပါ။

ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ကပဲ ပွဲကို ဆက်လက် စိုးမိုးနိုင်ခဲ့ပေမယ့် ပွဲချိန် ၄၂မိနစ်မှာတော့ အာဆင်နယ် ခံစစ်ရဲ့ အာရုံစူးစိုက်မှု လျော့နည်းနေမှုကို အခွင့်ကောင်း ယူကာ ဆာလာက လီဗာပူး အတွက် ပထမ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: 90 Min

၁-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ အိမ်ရှင် လီဗာပူးက စိတ်ဓာတ် တက်လာပြီး ဒုတိယပိုင်းမှာ လီဗာပူးကသာ အာဆင်နယ်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့သလို ပွဲချိန် ၅၄မိနစ်မှာ ဆာလာက ပင်နယ်တီ ကန်သွင်းခွင့်လည်း ရခဲ့ပေမယ့် အဆိုပါ ပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၈၇မိနစ်မှာတော့ လူစားဝင် တိုက်စစ်မှူး ဖာမီနိုက လီဗာပူး အတွက် အရေးပါတဲ့ ချေပဂိုးကို ခေါင်းတိုက်ကာ သွင်းယူပေးခဲ့တာကြောင့် အန်ဖီးလ်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့က သရေတမှတ်စီ ခွဲယူခဲ့ရပါတယ်။

အဆိုပါပွဲမှာ အိမ်ရှင် လီဗာပူးက ဧည့်သည် အာဆင်နယ်ထက် ပွဲချိန်အများစုမှာ သိသိသာသာ ပိုကောင်းခဲ့သလို အပိုင် ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ရမ်စဒဲလ်ရဲ့ အံ့မခန်း လက်စွမ်းတွေကြောင့် ဧည့်သည်တို့ သက်သာခဲ့ရပါတယ်။ ဒါကြောင့်ပဲ ကလော့ပ်က သူတို့အသင်းဟာ ဘာကြောင့် အာဆင်နယ်ကို အနိုင်မရခဲ့သလဲ ဆိုတာကို စဉ်းစားလို့တောင် မရကြောင်း ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့တာပါ။

ကလော့ပ်က – “ဒီပွဲက ကျွန်တော်တို့တွေ ဒီရာသီမှာ ကြုံရလေ့ ရှိတဲ့ ပွဲမျိုးပါပဲ။ အာဆင်နယ်က ပွဲအစပိုင်းမှာ လွယ်ကူတဲ့ ကစားပွဲ တခုကို ရခဲ့ပါတယ်။ တကယ်ကို လွယ်ကူခဲ့တာပါ။ သူတို့က ပထမဦးဆုံး ဂိုးကန်သွင်းခွင့် ရတဲ့ အချိန်မှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို သိပ်မကြာခင်မှာပဲ နောက်ထပ် သွင်းဂိုး ၁ဂိုးကို ထပ်သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တုံ့ပြန်ပုံကလည်း ကောင်းခဲ့ပါတယ်။ ဒီပွဲက နောက်ဆုံးအချိန် အထိ ကြည့်လို့ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဘာကြောင့် အနိုင်မရခဲ့သလဲ ဆိုတာကို စဉ်းစားလို့တောင် မရပါဘူး။ ကျွန်တော်တို့တွေ ရခဲ့တဲ့ ဂိုးသွင်းခွင့်တွေနဲ့ ဆိုရင် အနိုင်ရလဒ်ကို ရခဲ့သင့်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့က သရေတမှတ်ပဲ ရခဲ့ပါတယ်။ ၂ဂိုး ပေးခဲ့ရပြီးမှ အခုလို စွမ်းဆောင်ရည်ကောင်းကို ပြန်ပြနိုင်ခဲ့တာ ဖြစ်လို့ အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကျွန်တော်က ၁မှတ်ပဲ ရခဲ့တာကို မကျေနပ်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။