ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ သူတို့အသင်းဆီ ပြောင်းလာဖို့ အတော်လေး နီးစပ်ခဲ့ပြီးမှ စိတ်ပြောင်းပြီး ပြိုင်ဘက် ချယ်လ်ဆီးဆီ ပြောင်းသွားခဲ့တဲ့ အီကွေဒေါ ကွင်းလယ်လူ ကိုင်စီဒိုနဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ လာဗီယာတို့ကို ရည်ရွယ်ကာ လှောင်ပြောင်တဲ့ စကားတချို့ကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဖာဘင်ဟို ၊ ဟန်ဒါဆန် စတဲ့ အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ၂ဦးကို ရောင်းထုတ်ပြီးနောက် ကွင်းလယ်လူသစ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ကိုင်စီဒိုဟာ လီဗာပူးရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်ခဲ့ပါတယ်။

Photo Credit: Four Four Two

 

လီဗာပူးက ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ဘရိုက်တန်နဲ့ရော ၊ ကစားသမားနဲ့ပါ ကြိုးစားပမ်းစား ညှိနှိုင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကိုင်စီဒိုက သူ့ကို လုပ်ခလစာ ပိုပေးသလို ဘရိုက်တန်ကိုပါ ပြောင်းရွှေ့ကြေး ပိုပေးခဲ့တဲ့ ချယ်လ်ဆီးဆီသာ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူးဟာ ဈေးကွက်ပိတ်ခါနီးမှာ ကွင်းလယ်ခံစစ် ကစားသမားတွေ ခေါ်ယူနိုင်ဖို့ အတော်လေး ကြိုးစားခဲ့ရပါတယ်။

ကိုင်စီဒိုကို လက်လွှတ်ခဲ့ရပြီးနောက် လီဗာပူးက ဆောက်သမ်တန် ကွင်းလယ်ခံစစ် ကစားသမား လာဗီယာကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် လာဗီယာကလည်း ချယ်လ်ဆီးဆီ ပြောင်းသွားခဲ့တာကြောင့် လီဗာပူးဟာ နယ်သာလန် ကွင်းလယ်လူ ဂရာဗန်ဘက်နဲ့ ဂျပန်ကွင်းလယ်လူ အန်ဒိုတို့ကိုသာ ခေါ်ယူခဲ့ရပြီး လက်ရှိမှာတော့ ဂရာဗန်ဘက်နဲ့ အန်ဒိုတို့ နှစ်ဦးစလုံးက လီဗာပူးမှာ အဆင်ပြေနေပြီး တဖက်မှာတော့ ချယ်လ်ဆီးဆီ ပြောင်းသွားတဲ့ ကိုင်စီဒိုနဲ့ လာဗီယာတို့ဟာ အသင်းသစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ သူတို့အသင်းဆီ ပြောင်းဖို့ ငြင်းခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေ ဘာဖြစ်နေပြီလဲ ဆိုတာ ကြည့်လိုက်ဦးလို့ ပြောကာ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို လှောင်ပြောင်သွားခဲ့တာပါ။

ကလော့ပ်က – “ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ကျွန်တော်တို့က ထူးဆန်းတဲ့ ကိစ္စတချို့နဲ့ ကြုံခဲ့ရပါတယ်။ အဲ့ဒီတုန်းက ဘာဖြစ်သွားလဲ ဆိုတာ သေချာ မသိခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့တွေ ကံကောင်းခဲ့တယ်လို့ တွေးမိနေပါတယ်။ တချို့ ကွင်းလယ်ခံစစ် ကစားသမားတွေက ကျွန်တော်တို့ဆီ မပြောင်းလာချင်ဘူး ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ။ အခုတော့ အဲ့ဒီ ကစားသမားတွေနဲ့ ကျွန်တော်တို့တွေ ဘာတွေ ဖြစ်နေလဲ ဆိုတာ တွေ့နေရပြီလေ။ ဟားဟားဟား” လို့ ပြောကာ သူ့အသင်းဆီ ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ကစားသမားတွေကို လှောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။