ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်ကတော့ သူဟာ လာမယ့်ရာသီမှာ စမ်းသပ် သုံးစွဲမယ်လို့ သတင်းတွေ ထွက်နေတဲ့ အပြာကတ်စနစ်ကို သဘောမကျဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ဘောလုံးလောကမှာ သာမန်ပြစ်ဒဏ်တွေ အတွက် အဝါကတ် ၊ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ အတွက် အနီကတ် စတဲ့ ပြစ်ဒဏ်ပေးကတ် ၂ကတ်သာ ရှိပေမယ့် ဘောလုံးလောကရဲ့ တာဝန်ရှိသူ တချို့က ပွဲတွင်းကနေ ခေတ္တ ထုတ်ပယ်ပိုင်ခွင့် ရှိမယ့် အပြာကတ်ကို စမ်းသပ် သုံးစွဲချင်နေပါတယ်။

Photo Credit: Goal

အဝါကတ်နဲ့ အနီကတ် စနစ်မှာ အဝါကတ် ပြသခံရတဲ့ ကစားသမားဟာ ကွင်းတွင်းမှာ ကစားခွင့် ရှိသေးပေမယ့် အနီကတ် ပြခံခဲ့ရတဲ့ ကစားသမားကတော့ ပွဲတွင်းကနေ တခါထဲ ထွက်ခွာရမှာပဲ ဖြစ်ပါတယ်။

အသစ် သုံးစွဲမယ့် အပြာကတ်ကတော့ အဝါကတ်နဲ့ အနီကတ်ရဲ့ ပြစ်ဒဏ်တွေကို ရောစပ်ထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးနိုင်မှာ ဖြစ်ပြီး အပြာကတ် ပြသခံရတဲ့ ကစားသမားဟာ ကွင်းထဲကနေ မိနစ်အနည်းငယ်ကြာ ထွက်ခွာရမှာ ဖြစ်ကာ အပြာကတ် ၂ကတ် ပြသခံရရင် (သို့) အပြာကတ်နဲ့ အဝါကတ် ပြခံရရင်တော့ အနီကတ် ထိမှာပါ။

Photo Credit: Standard

လတ်တလောမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက အပြာကတ် ပါဝင်လာမယ့် စနစ်သစ်ကို ကြိုဆိုနေကြပြီး လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်ကတော့ ဘောလုံးလောကရဲ့ တာဝန်ရှိသူ အများစု လုပ်တဲ့ စနစ်သစ်တွေဟာ အသုံးမဝင်တဲ့ စနစ်တွေသာ ဖြစ်ခဲ့တာကြောင့် အပြာကတ်စနစ်ကိုလည်း သဘောမတွေ့ဘူးလို့ ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်ကတော့ ရိုးရှင်းတဲ့ စနစ်တွေကိုပဲ ကြိုက်ပါတယ်။ တတ်နိုင်သမျှလည်း အရိုးရှင်းဆုံးနည်းလမ်းတွေကို သုံးသင့်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာ အပြာကတ်စနစ်က ကောင်းမွန်တဲ့ အိုင်ဒီယာ တခုလို့ မမြင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အသက် ၅၆နှစ်မှာ IFABလို ဘောလုံးလောကရဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေဟာ ဘယ်အချိန်တုန်းက ကောင်းတဲ့ အိုင်ဒီယာတွေ ချပြနိုင်ခဲ့လဲ ဆိုတာကို မမှတ်မိပါဘူး” လို့ ပြောကာ အပြာကတ်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။