ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၀-၀ ချယ်လ်ဆီး ပွဲစဉ်မှာပဲ နည်းပြအဖြစ် လုပ်ကိုင်ခဲ့တဲ့ ပွဲအရေအတွက်ဟာ ၁၀၀၀ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၅၅နှစ် အရွယ် ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ယာဂင် ကလော့ပ်က ၂၀၀၁ခုနှစ်မှာ မိန့်ဇ်ကို တာဝန်ယူ ကိုင်တွယ်ကာ သူ့ရဲ့ နည်းပြချုပ်ဘဝကို စတင်ခဲ့ပြီး ကလော့ပ်ဟာ မိန့်ဇ်ကို ၇ရာသီကြာအောင် ကိုင်တွယ်ပြီးနောက် ၂၀၀၈ခုနှစ်မှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ် တယောက် ဒေါ့မွန်ဆီ ရောက်ရှိချိန်မှာ ဒေါ့မွန်က ဖျက်မြင်းအဆင့်မှာသာ ရှိနေခဲ့ပေမယ့် ကလော့ပ်က ဒေါ့မွန်ကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး ကလော့ပ်ဟာ ဒေါ့မွန်နဲ့အတူ ဘွန်ဒက်လီဂါ ချန်ပီယံ ၂ကြိမ် ၊ ဂျာမန်စူပါဖလား ၂ကြိမ် ၊ ဂျာမန်ပိုကယ်ဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ကလော့ပ်က ၂၀၁၅ခုနှစ်မှာ လီဗာပူးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ကလော့ပ်ရဲ့ လက်အောက်မှာ လီဗာပူးက အထည်ကြီးပျက်အသင်း အဖြစ် ကနေ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာခဲ့သလို ကလော့ပ်က လီဗာပူးနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကာရာဘောင်းဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရခဲ့သလို ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုလည်း ၂ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၀-၀ ချယ်လ်ဆီး ပွဲစဉ်က ကလော့ပ်ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်ခဲ့တဲ့ ပွဲတပွဲ ဖြစ်ပြီး အဆိုပါပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးက အားရစရာ ခြေစွမ်းတွေကို မပြသနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ပေးဂိုး မရှိခဲ့သလို အဖိုးတန် ရမှတ် ၁မှတ်ကိုလည်း စုဆောင်းနိုင်ခဲ့ပါတယ်။

လီဗာပူး ၀-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ကလော့ပ်က သူ့ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ပြည့်မှာ နိုင်ပွဲ မရခဲ့ပေမယ့် အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးလို နည်းပြဘဝ ပွဲ ၁၀၀၀ပြည့်မှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ မရှုံးခဲ့လို့ ပျော်ရကြောင်း ဆိုလာပါတယ်။ ကလော့ပ်က – “အာစင်ဝင်းဂါးက သူ့ရဲ့ ပွဲ၁၀၀၀ပြည့်မှာ ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်က အဲ့ဒီလို မရှုံးခဲ့လို့ ပျော်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။ အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးက သူ့ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ပြည့် အဖြစ် ချယ်လ်ဆီးနဲ့ အာဆင်နယ်ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့ရပြီး အဆိုပါပွဲမှာ အာဆင်နယ်က ၆-၀ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ပါတယ်။