ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၂-၂ ဝုဗ် ပွဲစဉ်မှာ ဝုဗ်ရဲ့ အဖွင့်ဂိုး အတွက် ကြီးမားတဲ့ အမှားတခု လုပ်ခဲ့တဲ့ နံပါတ်တစ် ဂိုးသမား အယ်လီဆန်ကို အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

လီဗာပူးက အက်ဖ်အေဖလား ၆၄သင်းအဆင့် ပွဲစဉ်အဖြစ် ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး ကလော့ပ်က ပြန်ကန်ပွဲ မကန်ချင်တာကြောင့် ဒီပွဲမှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဝုဗ်ရဲ့ မာကျောတဲ့ ကစားဟန်ကြောင့် ရလဒ်ကောင်း တခု ရဖို့ ရုန်းကန်ခဲ့ရပြီး ၂-၂ ဆိုတဲ့ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit: The Sun

ဒီပွဲမှာ သရေကျခဲ့တာကြောင့် လီဗာပူးနဲ့ ဝုဗ်တို့က ဝုဗ်ရဲ့ အိမ်ကွင်းမှာ ပြန်ကန်ပွဲကို ပြန်လည် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ပြန်ကန်ပွဲ ကစားရမှာဟာ ပွဲဆက်တွေ များနေတဲ့ လီဗာပူး အတွက် မကောင်းတဲ့ အချက်တခု ဖြစ်ပြီး လီဗာပူးရဲ့ ပရိသတ်တွေကတော့ အခုလို သရေကျခဲ့တာဟာ ဂိုးသမား အယ်လီဆန်ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်နေကြပါတယ်။

လီဗာပူး ၂-၂ ဝုဗ် ပွဲစဉ်မှာ အယ်လီဆန်က ဝုဗ်ရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ ဂွီဒက်စ်ရဲ့ သွင်းဂိုးမှာ ကြီးမားတဲ့ အမှားတခုကို ပြုလုပ်မိခဲ့ပြီး သူ့ရဲ့ ဂိုးဧရိယာ အတွင်း မှားယွင်းတဲ့ ပေးပို့မှုကြောင့်ပဲ ဂွီဒက်စ်က အလွယ်တကူ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ အပါအဝင် လီဗာပူး ပရိသတ်တွေက အယ်လီဆန်ကို ဝေဖန်နေကြတာ ဖြစ်ပြီး လီဗာပူးနည်းပြ ဖြစ်သူ ကလော့ပ်ကတော့ အယ်လီဆန်ဟာ သူတို့အသင်းကို အကြိမ်ပေါင်း များစွာ ကယ်တင်ခဲ့သူ ဖြစ်တာကြောင့် တကြိမ်လောက် မှားတာနဲ့ အယ်လီဆန်ကို အပြစ်မတင်နိုင်ဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ကလော့ပ်က – “ကျွန်တော်တို့က ပွဲကို ပုံစံကောင်း တခုနဲ့ စတင်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကိုလည်း အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကစားပုံကောင်းကောင်းနဲ့ ကစားနေချိန်မှာပဲ ပြိုင်ဘက်ကို သွင်းဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ ဝုဗ်ရဲ့ ပထမဂိုးက ဘယ်လိုမှ မပေးသင့်တဲ့ ဂိုးမျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့က အလီဆန်ဟာ အကြိမ်ကြိမ် ကျွန်တော်တို့ကို ကယ်တင်ခဲ့တဲ့ လူတယောက် ဆိုတာ သိထားရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။