လီဗာပူးလ်အသင်း နည်းပြကြီး ယာဂင် ကလော့ပ်က လာမယ့်လထဲ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို သွားရောက် ဆင်နွဲတော့မယ့် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာနေရာအတွက် သေသေချာချာ အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောလိုက်ပါတယ်။

အီဂျစ်လက်ရွေးစင် မိုဆာလာဟာ လာမယ့် ဇန်နဝါရီ (၁၃)ရက်နေ့ကနေ စတင်ပြီး ဖေဖော်ဝါရီ (၁၁)ရက်နေ့အထိ ကျင်းပသွားမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အီဂျစ် ကိုယ်စားပြုအဖြစ် ပါဝင်သွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Anfield Watch

ဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်လာချိန်ကတည်းက အသင်းရဲ့ မရှိမဖြစ် ကစားသမားအဖြစ် အကောင်းဆုံးတွေ စွမ်းဆောင်ထားနိုင်သူဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ နံပါတ် (၅)နေရာထိ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ဒီရာသီထဲမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဒီကစားသမားကို လက်ရှိမှာ တစ်လနီးပါးခန့်အထိ လက်လွတ်ရတော့မယ့် အခြေအနေမှာ ကလော့ပ်ကတော့ ဒီကိစ္စအတွက် အကောင်းဆုံး အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : 90Min

ကလော့ပ်ရဲ့ ပြောဆိုချက်မှာတော့ သူတို့အသင်းဟာ ယခင်ကတည်းက မိုဆာလာရော ဆာဒီယို မာနေးကိုပါ လက်လွတ်ခဲ့ရတဲ့ အခြေအနေမှာတောင် အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းနိုင်ခဲ့တာမို့ အခု ဆာလာလို ဒီရာသီ အသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားမျိုးကို လက်လွတ်ရချိန်မှာလည်း အကောင်းဆုံး အဖြေရှာနိုင်လိမ့်မယ်လို့ သူယုံကြည်ထားပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆာလာက အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို သွားရောက် ဆင်နွဲနေရမယ့် အချိန်မှာ လီဗာပူးလ်အတွက် အားထားရတဲ့ ဒီယိုဂို ဂျိုတာ ဒဏ်ရာကနေ သက်သာလာပြီး ဂိုးပါ ပြန်သွင်းနိုင်ယူခဲ့ပြီဖြစ်လို့ ဂျိုတာ ဒီးယက်ဇ် နူးညက်ဇ် ဂက်ပို နဲ့ အဲလ်လိယက်တို့နဲ့ လီဗာပူးလ်တို့ တိုက်စစ်ပိုင်းကို ဆက်သွားရနိုင်ပြီး ကွင်းလယ်လူ အန်ဒိုကိုလည်း အာရှဖလားပြိုင်ပွဲအတွက် လက်လွတ်သွားရဦးမှာပဲ ဖြစ်ပါတယ်။