ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ဟာ ဥရောပအသင်း တသင်းရဲ့ အဆင့်မှာတောင် မရှိပါဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ စံချိန်တင် နိုင်ပွဲ တပွဲ ရရှိခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာတော့ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Sports Max

ဘုန်းမောက် ၁-၀ လီဗာပူး ပွဲစဉ်မှာ လီဗာပူးက ပွဲအစမှာတင် အဖွင့်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့သလို အဖွင့်ဂိုး ရရှိနိုင်လောက်တဲ့ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဘုန်းမောက် ခံစစ်ကြောင်းနဲ့ ဂိုးသမား နီတိုတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဦးဆောင်ဂိုး မရခဲ့ပဲ ပွဲချိန် ၂၈မိနစ်မှာ ဘုန်းမောက်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးက ချေပဂိုးနဲ့ အနိုင်ဂိုး ရအောင် ကြိုးစား အားထုတ်ခဲ့ပေမယ့် ဘောလုံးအပျက်များနေတာကြောင့် ကြိုးစားမှုတွေ အရာမထင်ခဲ့သလို ပွဲချိန် ၇၀မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကိုလည်း တိုက်စစ်မှူး ဆာလာက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် လီဗာပူးဟာ အဝေးကွင်းမှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။

Photo Credit: Sports Max

ဘုန်းမောက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၁၀ပွဲမှာ ၆ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူတို့အသင်းရဲ့ အဝေးကွင်းခြေဟာ ဥရောပအသင်း တသင်းမှာ ရှိရမယ့် ခြေစွမ်းမျိုးတောင် မရှိကြောင်း ပြောကြားကာ ကစားသမားတွေကို ကြိမ်းမောင်းသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့ရဲ့ အဝေးကွင်း စွမ်းဆောင်ရည် အတွက် စိတ်ပူမိတာ အမှန်ပါပဲ။ တကယ်လို့ အိမ်ကွင်းရလဒ်တွေကိုပဲ ကြည့်မယ် ဆိုရင် ကျွန်တော်တို့က ဒီရာသီမှာ အဆင့်၄အတွင်း ရောက်နေလောက်ပါပြီ။ ကျွန်တော်တို့အသင်းရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ဟာ ဥရောပအသင်း တသင်းမှာ ရှိရမယ့် စွမ်းဆောင်ရည်မျိုးကိုတောင် မမှီသေးပါဘူး။ ကျွန်တော်တို့က ဒီအတွက် အဖြေရှာဖို့ လိုနေပါပြီ” ဆိုပြီး ဖွင့်ဟ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။