ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားခံလို့ မရတော့တဲ့ အချိန်မှာ မြို့ခံပြိုင်ဘက် အဲဗာတန်ကို ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ် ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရပြီး ယနေ့မနက် အစောပိုင်းမှာတော့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် မြို့ခံပြိုင်ဘက် အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Squawka

အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်ဒါဘီက အင်္ဂလန်နိုင်ငံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တပွဲ ဖြစ်သလို လီဗာပူးက ချန်ပီယံဆု အတွက် အမှားခံလို့ မရချိန်မှာ အဲဗာတန်ကလည်း တန်းဆင်းဇုန်အန္တရာယ်နဲ့ လွတ်ကင်းအောင် ရမှတ်တွေ တတ်နိုင်သလောက် စုဆောင်းနိုင်ဖို့ လိုအပ်နေတာကြောင့် နှစ်သင်းစလုံးက အနိုင် ၃မှတ် ရရှိရေး အတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

မြို့ခံပြိုင်ဘက်တွေ ဖြစ်တာကြောင့် အဲဗာတန်က လီဗာပူးကို ရှိန်မနေပဲ သူတင်ကိုယ်တင် ကစားသွားခဲ့ပြီး ပွဲချိန် ၂၇မိနစ်မှာ အဲဗာတန်ရဲ့ လူငယ်ခံစစ်မှူး ဘရိတ်ဝိတ်က အိမ်ရှင်တွေ အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးက ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် နူနက်ဇ် ၊ ဆာလာ ၊ ဒီယက်ဇ် စတဲ့ တိုက်စစ်မှူးတွေက ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဧည့်သည်တို့ ချေပဂိုး ပြန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၅၈မိနစ်မှာတော့ အဲဗာတန်ရဲ့ အဓိက တိုက်စစ်မှူး ကယ်လ်ဗတ်-လီဝင်က အိမ်ရှင်အတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂-၀ ဖြစ်သွားချိန်မှာ လီဗာပူးက တသင်းလုံးနီးပါး အရှေ့တက်ကာ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အံ့မခန်း လက်စွမ်းတွေကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ရမှတ်ဗလာ ၊ သွင်းဂိုးဗလာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: BBC

အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၃မှတ် ကွာဟသွားသလို ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးထက် ၂ပွဲ ပိုကစားထားချိန်မှာ ရမှတ် ၁မှတ်သာ ကွာဟနေတာကြောင့် စီးတီးကသာ ပွဲကျန် ၂ပွဲစလုံးကို အနိုင်ယူနိုင်ခဲ့ရင် စီးတီးနဲ့ ရမှတ် ၅မှတ် အထိ ကွာဟသွားဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြချုပ် ကလော့ပ်က အဲဗာတန် ၂-၀ လီဗာပူး ပွဲအပြီးမှာ ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့တာပါ။ ယာဂင် ကလော့ပ်က – “ဒီနေ့ပွဲ အတွက် ပရိသတ်တွေကို တောင်းပန်စကား ပြောရုံပဲ တတ်နိုင်ပါတော့တယ်။ ကျွန်တော်တို့နဲ့ အတူတူ ရှိနေတဲ့ လူတွေက ဒီရှုံးပွဲကြောင့် ကျွန်တော်တို့တွေ ဘယ်လောက် ခံစားရမလဲ ဆိုတာကို သိကြသလို ကျွန်တော်က ပရိသတ်တွေလည်း ခံစားနေကြရမယ် ဆိုတာ သိပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့သင့်ပေမယ့် မပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ရှုံးပွဲနဲ့ ကြုံခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပါ။