ယခုနှစ် ဘောလုံးရာသီ ကုန်ရင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကို စွန့်ခွာမယ်လို့ တရားဝင် ကြေညာခဲ့တဲ့ ယာဂင် ကလော့ပ်က သူဟာ လီဗာပူးကို စွန့်ခွာပြီးရင် နည်းပြလောကထဲကို ပြန်မဝင်တော့တာမျိုး ဖြစ်နိုင်ကြောင်း လီဗာပူးရဲ့ ဝက်ဘ်ဆိုဒ်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်ဟာ ၁၉၈၈ခုနှစ်ထဲက နည်းပြလောကထဲကို ရောက်ရှိခဲ့သူ ဖြစ်ပြီး သူက ၁၉၈၈ခုနှစ် ကနေ ၁၉၉၀ခုနှစ် အထိ ဂျာမဏီအသင်းတွေမှာ လူငယ်နည်းပြ ၊ လက်ထောက်နည်းပြ စတဲ့ ရာထူးတွေနဲ့ လှည့်လည် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit: Goal

၂၀၀၁ခုနှစ်မှာ ယာဂင် ကလော့ပ်က သူ့ရဲ့ ပထမဦးဆုံး နည်းပြချုပ်ရာထူးကို စတင် လက်ခံရရှိခဲ့ပြီး ကလော့ပ်ဟာ ၂၀၀၁ခုနှစ် ကနေ ၂၀၀၈ခုနှစ် အထိ မိန့်ဇ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာတော့ ကလော့ပ်က မိန့်ဇ် ကနေ ဒေါ့မွန်ဆီ ပြောင်းခဲ့ပြီး ကလော့ပ်ဟာ ဒေါ့မွန်ကို ဘောလုံးရာသီ ၇ရာသီ ကြာအောင် ကိုင်တွယ်ခဲ့ရာ ဘွန်ဒက်လီဂါ ဆုဖလား ၂ကြိမ် ၊ ဂျာမန်စူပါဖလား ၂ကြိမ်နဲ့ ပိုကယ်ဖလား ၁ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှာ သူ့ရဲ့ အအောင်မြင်ဆုံးအသင်းလို့ ပြောရမယ့် လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့ပြီး ကလော့ပ်က လီဗာပူးကို ၉နှစ် ကြာအောင် ကိုင်တွယ်ခဲ့ရာမှာ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၇လုံး အထိ ရယူနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကိုလည်း ၂ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Euro Sports

ယမန်နေ့ညမှာတော့ ကလော့ပ်က သူ ချစ်ခင်ရတဲ့ လီဗာပူးကို ရာသီကုန်မှာ ချန်ရစ်ခဲ့တော့မယ့် အကြောင်း တရားဝင် ကြေညာခဲ့ပြီး သူ့ရဲ့ အင်တာဗျူးမှာတော့ ကလော့ပ်က နည်းပြအလုပ်ကို ငြီးငွေ့နေတာကြောင့် ယခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ နည်းပြဘဝ ကနေပါ အနားယူဖွယ် ရှိကြောင်း ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်ကပဲ ဒီဆုံးဖြတ်ချက်ကို (လီဗာပူးကို စွန့်ခွာမယ့် ဆုံးဖြတ်ချက်) ချခဲ့တာပါ။ ကျွန်တော်က ဒီအလုပ်ကို ဆက်လုပ်ဖို့ ခွန်အားတွေ ကုန်ခမ်းနေပါပြီ။ ကျွန်တော်က အသင်းနဲ့ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်က တနေ့နေ့မှာ အသင်းကို စွန့်ခွာမယ့် အကြောင်း ကြေညာရမှာကို ကြိုပြီး သိခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အဆင်ပြေနေပါတယ်။ ကျွန်တော်က အလုပ် တခုကို တကြိမ်ပြီး တကြိမ် ၊ တကြိမ်ပြီး တကြိမ် ဆက်မလုပ်နိုင်တော့ဘူး ဆိုတာ သိလာပါတယ်။ ပြီးခဲ့တဲ နွေရာသီမှာ လုပ်ခဲ့တဲ့ ပထမဦးဆုံး အသင်းလိုက် အစည်းအဝေးမှာ ကျွန်တော်က အသင်းကို ကောင်းကောင်း မဦးဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ အသင်းရဲ့ အလားအလာက အရမ်းကို ကောင်းနေပါပြီ။ အဲ့ဒီမှာပဲ ကျွန်တော်က “ဟုတ်ပြီ။ အချိန်ရောက်ပြီ” လို့ တွေးခဲ့ပါတယ်။ တကယ်လို့ ခင်ဗျားက အခုချိန်မှာ ကျွန်တော့်ကို နောက်ထပ် ဘောလုံးအသင်းတွေ ကိုင်ဦးမလားလို့ မေးရင် မကိုင်ဖြစ်လောက်တော့ဘူးလို့ပဲ ဖြေချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။