မန်ချက်စတာ စီးတီးအသင်း ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ မနေ့ညက မန်စီးတီးနဲ့ ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲပြတဲ့ သူရဲ့ စီးတီး ကစားသမားဘဝ အိမ်ကွင်းနောက်ဆုံး ပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ် စံချိန်တစ်ခုကိုပါ အံ့အားသင့်ဖွယ် လိုက်မီနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဂန္တဝင်ကစားသမား ဒီဘရိုင်းဟာ အင်္ဂါနေ့က ဘုန်းမောက်အသင်းအား ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကလပ်အသင်းအတွက် သူရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ကို ကစားခဲ့ရင်း ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု စံချိန်တစ်ခုကိုလည်း လိုက်မီနိုင်ခဲ့ပါတယ်။ Opta ရဲ့ စာရင်းများအရ ဒီဘရိုင်းနားဟာ ယခင် အာဆင်နယ်နဲ့ ချယ်လ်ဆီး ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်နဲ့အတူ အခွင့်အရေး ဖန်တီးမှုပေါင်း (၈၄၆)ကြိမ်နဲ့ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်နေပြီဖြစ်ပါတယ်။

Photo Credit : BBC

ဒီဘရိုင်းနားဟာ အယ်လ်တီဟတ်ကွင်းကြီးထဲ ကစားခဲ့တဲ့ သူရဲ့ နှုတ်ဆက်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပရိသတ်များက “King Kev” လို့ ရေးသားထားသော ကြီးမားတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒီပွဲမှာ ဒီဘရိုင်းက ပွဲချိန်မိနစ် (၇၀)နီးပါး ပါဝင်သွားခဲ့ပြီး ပထမပိုင်းမှာပဲ မာမွတ်ရှ်ရဲ့ ပေးပို့မှုကနေ အခွင့်အရေးကောင်းတစ်ခုကို သေချာ အဆုံးမသတ်နိုင်ခဲ့လို့ ဂိုးရဖို့ လွဲချော်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဒီဘရိုင်းက သူရဲ့ ဇနီးသည် ကလေး(၃)ယောက်တို့နဲ့အတူ ကွင်းအတွင်းကို ဝင်ရောက်လာပြီး အထူးဂုဏ်ပြုပွဲကို လက်ခံရယူခဲ့ပါတယ်။ မန်စီးတီးဘက်က ဒီဘရိုင်း သူ့နာမည်ရယ် သူ့ကျောနံပါတ်ရယ်နဲ့ ပြုလုပ်ထားတဲ့ အထူး မန်စီးတီးဂျာစီအပြင် တစ်သက်တာ ကြည့်ရှုနိုင်မယ့် အသင်းလက်မှတ်တို့ကို ပေးအပ်ခဲ့သလို အယ်လ်တီဟတ်ကွင်း အပြင်ဘက်မှာလည်း ဒီဘရိုင်းရဲ့ ရုပ်တုကိုပါ ထုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ကလပ်အသင်းက ကြေညာခဲ့ပါတယ်။

Photo Credit : Daily Sabah

ကွင်းအတွင်းရှိ ပရိသတ်များအား ဒီဘရိုင်းက “မန်ချက်စတာက ကျွန်တော့်ရဲ့ အိမ်ပါပဲ။ ဒီကလေးတွေ မွေးဖွားခဲ့တဲ့ နေရာပါ။ ကျွန်တော် ဒီကို ကျွန်တော့်ဇနီး မီရှဲလ်နဲ့အတူ အချိန်အကြာကြီး နေထိုင်ဖို့ ရောက်လာခဲ့တာပါ။ ကလပ်အသင်း ပရိသတ်တွေ အသင်းဖော်တွေနဲ့အတူ ကျွန်တော်တို့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဒီ(၁၀)နှစ်တာ ကာလကို ရောက်ရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ရခဲ့တယ်။ မြို့တော်နဲ့ ကလပ်အသင်းကို ပိုကြီးမားအောင် လုပ်ဆောင်နိုင်ခဲ့တယ်။”

“အခုတော့ သူတို့က ဆက်လက်တာဝန်ယူကြတော့မှာပါ။ ကျွန်တော်က တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကစားချင်ခဲ့တယ်။ စိတ်အားထက်သန်မှုနဲ့ ကစားချင်ခဲ့တယ်။ ဘောလုံးကို ပျော်ရွှင်စွာ ကစားချင်ခဲ့ပြီး လူတိုင်းလည်း ပျော်ရွှင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ယုံကြည်ပါတယ်။ ဒီနေရာက လူတိုင်းက ကျွန်တော့်ကို အကောင်းဆုံးပုံစံဖြစ်အောင် ကလပ်အသင်းအတွင်းရော အပြင်ကပါ တွန်းအားပေးခဲ့ကြပါတယ်။ ဒီကစားသမားတွေနဲ့အတူ ကစားခွင့်ရခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော် တစ်သက်တာအတွက် မိတ်ဆွေကောင်းများစွာ ရရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။