ချန်ပီယံလိဂ်ပြိုင်ပွဲ league phase ပွဲစဉ်မှာ နယ်သာလန်ကလပ် ဖိုင်ယင်နော့အသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ်က သူတို့အသင်းဟာ လက်ရှိမှာ ထိပ်တန်းအသင်းတစ်သင်း မဟုတ်နေဘူးလို့ ညည်းတွား ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ league phase (၆)ပွဲကစားပြီးချိန် နိုင်ပွဲ(၄)ပွဲ ရှုံးပွဲ(၂)ပွဲနဲ့ ရမှတ်(၁၂)မှတ်အထိ ပိုင်ဆိုင်ထားခဲ့ရပြီး ဘာစီလိုနာနဲ့ အက်စတွန် ဗီလာတို့လို အသင်းတွေကို ရှုံးခဲ့ရတာ ဖြစ်ပေမယ့် အခုပွဲစဉ်(၇)မှာတော့ ဖိုင်ယင်နော့ကို (၃)ဂိုးပြတ်နဲ့ပါ အပြတ်အသတ် ရှုံးနိမ့်ရင်း ရှုံးပွဲက (၃)ပွဲအထိ ရှိသွားခဲ့ရပါတယ်။
Photo Credit : Goal
ဒီပွဲက ဘိုင်ယန်က အိမ်ရှင် ဖိုင်ယင်နော့ထက် ဘက်ပေါင်းစုံမှာ အသာရအောင် ကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးမှတောင် ပြန်သွင်းယူနိုင်ခြင်း မရှိဘဲ ဂိုးပြတ်ရှုံးပွဲနဲ့သာ ကြုံတွေ့လိုက်ရတာကြောင့် league phase ဇယားရဲ့ အဆင့်(၁၅)ထိလည်း ရောက်သွားခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ဘိုင်ယန်ကွင်းလယ်လူ ကင်မစ်ချ်က “ကျွန်တော်တို့ဟာ လက်ရှိမှာ ထိပ်တန်းအသင်း မဟုတ်တော့ကြောင်းကို ဝန်ခံရပါမယ်။”
“ဒါပေမယ့် ကျွန်တော်တို့တွေ အတူတကွ တစ်စုတစ်စည်းတည်း ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ကို မျှော်လင့်ချက် ပေးနိုင်တယ်။ ကျွန်တော်တို့ ဒီပွဲမှာ အမှားများစွာကို ပြုလုပ်ခဲ့ပြီးတော့ ဒီအတွက်လည်း ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခံနေရပါတယ်။ ဒီလို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရပြီးချိန်မှာတော့ ခံစားချက်တွေက တကယ် မကောင်းနေပါဘူး။”
Photo Credit : Bavarian Football Works
“နောက်ပြီး ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပြီးတော့ ဒါတွေကိုလည်း အသုံးမချနိုင်ဘဲ ဖြုန်းတီးခဲ့တယ်။ ပြိုင်ဘက်အသင်းအတွက်ကိုလည်း အရမ်းလွယ်ကူအောင် လုပ်ပေးမိခဲ့တယ်။ ဝုလ်ဖ်ဘတ်နဲ့ပွဲကလိုပဲ အများကြီး ခွင့်ပြုပေးခဲ့မိတာ။ ဒါက ချန်ပီယံလိဂ်မှာဆိုရင် ဒီအတွက် အပြစ်ပေးခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့က ထိုက်ထိုက်တန်တန်နဲ့ ရှုံးခဲ့ရတာ။”
“ရိုးရှင်းလွန်းတဲ့ အမှားတွေကို အများကြီး လုပ်ခဲ့မိတာ။ အခု ကျွန်တော်တို့ မညည်းညူနေသင့်တော့ဘဲ အမှားတွေကို ပြုပြင်သင့်သလို ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုကိုယ်ရော ဒါမှမဟုတ် ကိုယ့်အသင်းအပေါ်ရော သံသယ မဖြစ်ရပါဘူး။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။