ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ လီဗာပူး ပွဲစဉ်မှာ လူစားလဲခံခဲ့ရချိန် နည်းပြကို ပြင်းပြင်းထန်ထန် စောဒတက်ခဲ့တဲ့ ဆာလာကို ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ကာ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက မြန်နှုန်းမြင့် တိုက်စစ် ကစားဟန်ကို အားပြုကာ ကစားခဲ့တာကြောင့် ပွဲဟာ အတော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပြီး လီဗာပူးက ပွဲချိန် ၁၈မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၃၇မိနစ်မှာပဲ ဒီဆာဆီရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

တဖက် တဂိုးစီ သရေကျပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုးတွေ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေ အသုံးမချနိုင်မှုတို့ကြောင့် သွင်းဂိုးတွေ ထပ်မသွင်းနိုင်ခဲ့ပဲ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျကာ တသင်းကို တမှတ်စီ ခွဲဝေယူခဲ့ကြပါတယ်။

Photo Credit: The Sun

အဆိုပါပွဲမှာ ပရိသတ်တွေ ပြောစရာ ဖြစ်ခဲ့တာက လီဗာပူးတိုက်စစ်မှူး ဆာလာ တယောက် လူစားလဲခံခဲ့ရချိန်မှာ နည်းပြချုပ် ကလော့ပ်ကို ပြင်းပြင်းထန်ထန် စောဒတက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုက ဆာလာရဲ့ အပြုအမူအတွက် ဝေဖန်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရိုင်ကိန်းကလည်း ဆာလာရဲ့ အပြုအမူ အတွက် ဝေဖန်မှုတွေ လုပ်ခဲ့ပြီး ကစားသမား တယောက်ဟာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာ ဓမ္မတာပဲလို့ ဆိုလိုက်ပါတယ်။ ရိုင်ကိန်းက – “နည်းပြက ကိုယ့်ကို လူစားလဲလိုက်ပြီ ဆိုရင် အရန်ခုံမှာထိုင် ၊ ပြီးရင် ပါးစပ်ကို ပိတ်ထား။ ဒါပဲ လုပ်ရမှာပါ။ ကစားသမား တယောက်က နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရပါမယ်” လို့ ပြောရင်း ဆာလာကို ဝေဖန်သွားခဲ့တာပါ။