မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်းကြီးဖြစ်သူ ရွိုင်ကိန်းက လက်ရှိ မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် တာဝန်ကနေ ဖယ်ရှားလိုက်သင့်ပြီလို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းခေါင်းဆောင် မက်ဂွိုင်းယားဆီကနေ အသင်းခေါင်းဆောင် လက်ပတ်ကို ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဆီ လွဲပြောင်းပေးခဲ့ပြီး ဖာနန်ဒက်စ် ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒါပေမယ့် နည်းပြ တန်ဟက်ဂ်အနေနဲ့ ဖာနန်ဒက်စ်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဖယ်ရှားပြီး အသင်းကို အသေအချာ ဦးဆောင်နိုင်မယ့် ကစားသမားထံ တာဝန်ပြောင်းပေးသင့်တယ်လို့ ရွိုင်ကိန်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။
“ဒီနေ့ ဘရူနို ကစားတာကို ကျွန်တော် ထပ်ကြည့်မိတော့ ကျွန်တော်သာဆိုရင် သူ့ဆီကနေ အသင်းခေါင်းဆောင် လက်ပတ်ကို ဖယ်ရှားပလိုက်မိမှာ ရာနှုန်းပြည့် အသေအချာပါပဲ။ ဒါက ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခုဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်လည်း သူတို့က မက်ဂွိုင်းယားဆီကနေ အသင်းခေါင်းဆောင် ရာထူးကို ဖယ်ရှားခဲ့တာ။”
Photo Credit : talkSPORT
“ဒါပေမယ့်လည်း ဘရူနိုက အသင်းခေါင်းဆောင် တစ်ယောက်ရဲ့ စရိုက်လက္ခဏာ ရှိမနေပါဘူး။ သူက အရည်အသွေးမြင့်တဲ့ ကစားသမားပါ။ ဒါ့အတွက် ဘာသံသယမှ ရှ်ိမနေပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အမြဲပြောခဲ့သလို ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်က ပွဲစဉ်ကအတိုင်း အခုပွဲမှာလည်း အော်ဟစ် ညည်းညူနေလိုက် လက်ကိုမြှောက်ပြီး စောဒကတက်နေလိုက်နဲ့။”
“ဒါက တကယ်ကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် အခုအချိန်ကနေ စတင်ပြီး သူရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကျွန်တော်တို့ ဖယ်ရှားလိုက်သင့်ပြီလို့ပဲ ထင်မိတယ်။” လို့ ရွိုင်ကိန်းက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။