ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်အတွက် ထူးရှယ် ခြေစွမ်းကောင်း တရပ် ပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အဲဗာတန်ကို ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး ရက်ဖို့ဒ် ၊ မာရှယ်နဲ့ အန်တိုနီတို့ရဲ့ တိုက်စစ်အတွဲက အဲဗာတန်ဘက်ကို တရစပ် ဖိအားပေး ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

အထူးသဖြင့် ဘယ်ခြမ်းကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်သွားတဲ့ ရက်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ နိုင်ပွဲ အတွက် အဓိကကျခဲ့တဲ့ လူတယောက် ဖြစ်ခဲ့ပြီး ရက်ဖို့ဒ်က ယူနိုက်တက်ရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ အန်တိုနီရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အဲဗာတန် နောက်ခံလူ ကိုဒီရဲ့ လက်ဆောင်သွင်းဂိုးကလည်း သူ့ရဲ့ ဖြတ်တင်ဘော ကနေ ရခဲ့တာ ဖြစ်ပြီး အသင်းအတွက် အပိတ်ဂိုးကိုလည်း သူက ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၃-၁ အဲဗာတန် ပွဲအပြီးမှာ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးနေကြပြီး ရိုင်ကိန်းကတော့ သူဟာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ရက်ဖို့ဒ် တယောက် အခုလိုမျိုး ခြေစွမ်းကောင်းတွေ ရလာမယ် ဆိုတာကို ကြိုသိခဲ့ကြောင်းနဲ့ ရက်ဖို့ဒ်ဟာ ရပ်တန့်လို့ မရတော့တဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့လည်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football 365

ရိုင်ကိန်းက – “ဒီညမှာ ရက်ဖို့ဒ်ရဲ့ အရမ်းကို သေသပ်တဲ့ ကစားပုံကို မြင်တွေ့ရဖို့ ကျွန်တော်က မျှော်လင့်ထားတာပါ။ မျှော်လင့်ထားတဲ့ အတိုင်းလည်း ရက်ဖို့ဒ်က အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားပြနိုင်ခဲ့ပါတယ်။ ကျွန်တော်က သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး မအံ့ဩမိပါဘူး။ သူက ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေထဲက တယောက် ဖြစ်လာပါပြီ။ သူက ယူနိုက်တက် အတွက် ဆုဖလားတွေ ယူပေးနိုင်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဖြေရရင်တော့ သူ့မှာ ယူနိုက်တက် အတွက် ဆုဖလားတွေ ရယူပေးရမယ့် တာဝန်တွေ ရှိနေပြီလို့ပဲ ပြောချင်ပါတယ်။ ဒီညမှာ သူက သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ရခဲ့ပါတယ်။ ကျွန်တော်ကတော့ ရက်ဖို့ဒ်ဆီ ကနေ ဒီလိုမျိုး စွမ်းဆောင်ရည်ကို အပတ်တိုင်း မြင်ရဖို့ မျှော်လင့်နေမိပါပြီ။ သူက ယုံကြည်မှုအပြည့်နဲ့ ကစားနေတာပါ။ သူက ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့လည်း ပြောရင် မှားမယ် မထင်ပါဘူး” လို့ ရက်ဖို့ဒ်ကို ချီးကျူးသွားခဲ့တာပါ။