ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် အသင်းခေါင်းဆောင် တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းက သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူနိုက်တက်က နည်းပြချုပ် တန်ဟက်ဂ်ကို အချိန်ထပ်ပေးဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် မိုရက်စ် ၊ ဗန်ဟားလ် ၊ မော်ရင်ဟို ၊ ဆိုးလ်ရှား ၊ တန်ဟက်ဂ် စတဲ့ နည်းပြတွေကို ခေါ်ယူ ခန့်အပ်ခဲ့ပေမယ့် နည်းပြတိုင်းရဲ့ လက်ထက်တွေမှာ ပထမရာသီလောက်မှာသာ ရလဒ်ကောင်းတွေ ရရှိပြီး ဒုတိယရာသီ ရောက်ရင် ရလဒ်တွေ ကျဆင်းသွားတတ်ပါတယ်။

Photo Credit: Football Transfer

တန်ဟက်ဂ်ရဲ့ လက်အောက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်းဖလားကို ရခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၃)နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးဝါးနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာ အထိ ရောက်ရှိနေပါတယ်။

ဒုတိယမြောက်ရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ယမန်နေ့ညမှာလည်း မန်ချက်စတာ ယူနိုက်တက်က အစဉ်အလာပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါသေးတယ်။

Photo Credit: Live Score

နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက် ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင် ရိုင်ကိန်းကတော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို အချိန်အနည်းငယ် ပေးသင့်တယ်လို့ ယူဆနေပြီး Sky Sports သတင်းဌာန အတွက် လုပ်ပေးခဲ့တဲ့ ပွဲသုံးသပ်ချက် ဗွီဒီယိုမှာ ရိုင်ကိန်းက – “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို အချိန်တွေ ထပ်ပေးဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးနေပေမယ့် တန်ဟက်ဂ်က ယူနိုက်တက်ကို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်ပြီး အက်ဖ်အေဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေကာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။