တော့တင်ဟမ် ဟော့စပါးအသင်း မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ဘောလုံးဝေဖန်သူ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်းကိန်းက စပါးရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ထေ့ငေါ့ပြောဆိုလိုက်ပါတယ်။
ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အတူတူ ရုန်းကန်နေရတဲ့ ယူနိုက်တက်နဲ့ ဘီလ်ဘာအိုမြို့က ဆန် မားမက်စ် အားကစားကွင်းမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဆင်နွဲခဲ့ရင်း ဘရန်နန် ဂျွန်ဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲရရှိခဲ့ပြီး ယူရိုပါလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါ့အပြင် စပါးအသင်းဟာ (၁၇)နှစ်ကြာ ဆုဖလားမရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
Photo Credit : CNN
စပါးစ်အသင်းရဲ့ နှစ်ရှည်လများ ဆုဖလားနဲ့ အလှမ်းဝေးကွာနေခဲ့မှုအပေါ် ပြိုင်ဘက်အသင်းတွေက အမြဲလိုလို လှောင်ပြောင်ခဲ့ကြပြီး အရေးကြီးတဲ့ပွဲတွေမှာ အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်တဲ့ သူတို့ရဲ့ပုံမှန်အခြေအနေကိုလည်း’စပါးဆန်တယ်’ (Spursy) ဆိုတဲ့ စကားလုံးနဲ့ မကြာခဏ သုံးနှုန်းခဲ့ကြပါတယ်။
ဒါပေမဲ့ ရွိုင်းကိန်းကတော့ အဲ့ဒီနာမည်ပြောင်နဲ့ ခေါ်ရမယ့်အချိန် ကုန်ဆုံးသွားပြီလို့ အခိုင်အမာပြောဆိုခဲ့ပြီး စပါးအသင်းအနေနဲ့ ကြွားဝါဂုဏ်ယူစရာရှိတဲ့ အသင်းတစ်သင်းကိုလည်း သူက လက်ညှိုးထိုးပြခဲ့ပါတယ်။ “ဒီရာသီမှာ စပါးက အာဆင်နယ်ထက်ပိုပြီး ဆုဖလားရယူနိုင်ခဲ့တယ်” လို့ ကိန်းက CBS ရုပ်သံရဲ့ ဗိုလ်လုပွဲ တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ “တခြားအသင်းတွေကို ကြည့်လိုက်ရင် စပါးအသင်းဟာ ဘယ်သူ့ထက်မဆို ဝေဖန်မှုပိုခံနေရတဲ့ အသင်းပါ။”
Photo Credit : Daily Mail
“သူတို့ဟာ ဒီပွဲမှာ လုံးဝ ‘စပါးဆန်’ မနေခဲ့ပါဘူး။ သူတို့ ခံစစ်ကို အကောင်းဆုံးကစားနိုင်ခဲ့တယ်။ တိုက်စစ်က သိပ်မကောင်းခဲ့ပေမဲ့ ဒါက အရေးမကြီးပါဘူး။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဝေဖန်သူတွေအားလုံးအတွက် ပြောရရင် သူတို့မှာ ခမ်းနားတဲ့ အားကစားကွင်းကြီး ရှိပေမဲ့ အဓိကက ဆုဖလားတွေရဖို့ပဲ ဆိုတာကို ကျုပ်တို့တွေ ပြောခဲ့ပြီးသားပါ။ အခုဆိုရင် သူတို့ ဒီညမှာ ဆုဖလားကို ကိုင်မြှောက်ပြီး တကယ်ပျော်ရွှင်နိုင်ကြပါပြီ။”
“ကစားသမားတွေ ရာသီကြို လေ့ကျင့်ခန်း ပြန်ဆင်းတဲ့အခါ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီဆိုတာ သိသွားကြပြီ။ ဒါက ကလပ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ နောက်ဆက်တွဲအကျိုးဆက်ပါပဲ။” လို့ ကိန်းက ပြောဆိုသွားခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မီခေးလ် အာတေတာရဲ့အသင်းသားတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့လည်း အမှတ်ပေးဇယားထိပ်ဆုံးက ချန်ပီယံအသင်းရဲ့နောက်မှာ ဒုတိယနေရာနဲ့ နောက်ထပ်ရာသီတစ်ခုကို ကုန်ဆုံးရတော့မယ့် အခြေအနေဖြစ်ပါတယ်။