ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ တောင်ကိုရီးယား ကြယ်ပွင့် ကစားသမား လီကန်အင်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၃-၀ အေစီမီလန် ပွဲစဉ်မှာ သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ချန်ပီယံလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ကွင်းလယ်လူ လီကန်အင်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ လာလီဂါကလပ် မာလာကာ ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့ရတာကြောင့် မကြာသေးမီကမှ ပီအက်စ်ဂျီနဲ့ ပူးပေါင်းနိုင်ခဲ့သူပါ။

Photo Credit: France Football

တဖက်မှာတော့ ပီအက်စ်ဂျီက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေါ့မွန် ၊ နယူးကာဆယ် ၊ အေစီမီလန် စတဲ့ အသင်းတွေ ပါဝင်တဲ့ သေမင်းတမန်အုပ်စုထဲ ကျရောက်နေခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာ ပီအက်စ်ဂျီက အုပ်စု တတိယပွဲ အဖြစ် အေစီမီလန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပါတယ်။

ပီအက်စ်ဂျီနဲ့ အေစီမီလန်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အိမ်ရှင် ပီအက်စ်ဂျီက ပရိသတ်တွေရဲ့ အားပေးမှု ၊ လူငယ်ကြယ်ပွင့် ဇိုင်ရေ-အမ်မရီရဲ့ ခြေစွမ်းပြမှုတို့နဲ့အတူ အေစီမီလန်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ကာ အမ်ဘာပေနဲ့ မူအာနီတို့က ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: PSG Talk

လီကန်အင်ကတော့ ပွဲချိန် မိနစ် ၇၁မှာ အသင်းဖော် ဒမ်ဘီလီနဲ့ လူစားလဲ ဝင်ရောက် ကစားခွင့် ရခဲ့ပြီး ပွဲချိန် ၈၉မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ ဇိုင်ရေ-အမ်မရီရဲ့ ပေးပို့မှု ကနေ သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ချန်ပီယံလိဂ်သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါတယ်။

လီကန်အင်က သူ့ရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်သွင်းဂိုးကို ရရှိခဲ့သလို ပီအက်စ်ဂျီက အေစီမီလန်ကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် အုပ်စု ပထမအကျော့တွေ အပြီးမှာ ရမှတ် ၆မှတ်နဲ့ အုပ်စုကို ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။