ဒီနွေမှ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပါတယ်။

ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်း နဲ့ ဘိုဟုမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့သလို ဘိုင်ယန်ကလည်း ကိန်း ဟက်ထရစ် အပါအဝင် ချူပိုမိုတင်း ဒီလစ် ဆာနေး တဲလ်တို့ရဲ့ ဂိုးတွေနဲ့အတူ (၇)ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Twitter X

ဘိုင်ယန်ဟာ သူတို့အသင်းရဲ့ ပိုလန် ဂိုးသွင်းစက်ကြီး ရောဘတ် လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ လက်လွတ်လိုက်ရချိန်မှာ ဆာဒီယို မာနေးလို အရည်အသွေးမြင့် ဆီနီဂေါ တိုက်စစ်မှူးနဲ့ ပြန်လည် အစားထိုးခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီရဲ့ နွေဈေးကွက်အတွင်းမှာတော့ ဘိုင်ယန်က စပါးရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို အရ ခေါ်ယူနိုင်ခဲ့ပြီး ဟယ်ရီကိန်းကလည်း လက်ရှိမှာ ဘိုင်ယန်အတွက် သွင်းဂိုးတွေကို ဆက်တိုက် အဆက်မပြတ် သွင်းယူပေးနေပါတယ်။

Photo Credit : Twitter X

ဘိုင်ယန်အတွက် ပွဲဦးထွက်ခဲ့ရတဲ့ ဂျာမန် စူပါဖလားပွဲမှာ အသင်းအတွက် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပဲ ဆုဖလားနဲ့ပါ လွဲချော်ခဲ့ရလို့ လှောင်ပြောင်ခံခဲ့ရတဲ့ ဟယ်ရီကိန်းဟာ အခုတော့ အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲပေါင်း (၅)ပွဲ ကစားပြီးသွားချိန်မှာ သူရဲ့ ဘွန်ဒက်စ်လီဂါသွင်းဂိုး အရေအတွက်က (၇)ဂိုးအထိတောင် ရှိလာခဲ့ပါတယ်။

ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ (၅)ပွဲ ကစားပြီးချိန်မှာ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ကြတဲ့ ဂတ်မူလာ ၊ ကလိုဆေး နဲ့ မန်ဇူကစ်ဇ်တို့လို ဘိုင်ယန်ရဲ့ legends ကြီးတွေကို ကျော်ဖြတ်ပြီး ဟယ်ရီကိန်းက ဘိုင်ယန် သမိုင်းတစ်လျှောက် အသင်းအတွက် အဖွင့် (၅)ပွဲအတွင်း (၆)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်နဲ့ပါ စံချိန်သစ်ကို စိုက်ထူသွားနိုင်ခဲ့ပါတယ်။