ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ ဂျာမဏီမြေကို ရောက်ရင် လာဇီယိုကို ပြန်အနိုင်ယူပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဆာရီ ဦးဆောင်နေတဲ့ လာဇီယိုနဲ့ တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် လာဇီယိုရဲ့ အိမ်ကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်းစလုံးက လူစုံတက်စုံ ထုတ်ကာ နိုင်ပွဲရရှိရေး အတွက် ဦးတည် ကြိုးစားခဲ့ကြပါတယ်။

Photo Credit: Goal

ပွဲအစပိုင်းမှာ ဧည့်သည် ဘိုင်ယန်မြူးနစ်က အိမ်ရှင် လာဇီယိုဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ လာဇီယိုကသာ ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး ပွဲချိန် ၆၇မိနစ်မှာ ဘိုင်ယန်မြူးနစ် ခံစစ်မှူး အူပါမီကာနို တယောက် အဝင်ကြမ်းခဲ့တာကြောင့် အနီကတ် ထိခဲ့သလို ပွဲချိန် ၆၉မိနစ်မှာ လာဇီယို အသင်းခေါင်းဆောင် အမ်မိုဘိုင်းလီက ရလာတဲ့ ပင်နယ်တီကို အကောင်းဆုံး အသုံးချကာ အိမ်ရှင်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ဧည့်သည် ဘိုင်ယန်မြူးနစ်က ဂိုးပေါက်ကန်သွင်းမှု ၁၇ကြိမ် အထိ လုပ်ခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှ မရခဲ့တာကြောင့် အလွန် ဆိုးရွားတဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်ခဲ့ပြီး ဒုတိယအကျော့မှာသာ ဒီခြေနဲ့ ဆက်ကစားရင် လာဇီယိုက ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ချေ ရှိပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူတို့အသင်းဟာ ဂျာမန်မြေမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ လာဇီယိုကို ချေမှုန်းပြမယ်လို့ ပွဲပြီးအင်တာဗျူးမှာ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက – “ဒီတပတ်က ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံက တော်တော် စိတ်ပျက်စရာ ကောင်းခဲ့တာပါ။ ကျွန်တော်တို့က ဒုတိယပိုင်းမှာ ယုံကြည်မှုတွေ ကျဆင်းခဲ့သလို ခွန်အားတွေလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့က ဒီပွဲကို ရှုံးခဲ့ပေမယ့် ပြိုင်ပွဲထဲမှာ ဆက်ရှိနေပါသေးတယ်။ သူတို့က နောက်ထပ် ရက်သတ္တပတ် အနည်းငယ် ကြာရင် မြူးနစ်မြို့ဆီ လာရမှာပါ။ ကျွန်တော်တို့ အားလုံးက ဒုတိယအကျော့မှာ နိုင်ပွဲ ပြန်ယူဖို့ အတွက် မစောင့်နိုင်တော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။