ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မီကာရစ်ချက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူး အလန်ရှီးယားနဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီတို့ကို မမှီသေးဘူးလို့ ထုတ်ဖော် ပြောကြားလာပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ရဲ့ ကစားသမား ဘဝမှာ စပါးတသင်းထဲ အတွက်သာ ကစားပေးခဲ့သူ ဖြစ်ပြီး သူက စပါးအတွက် ဆယ်စုနှစ် တစုကျော်ကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၆၇ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် စပါး ဂန္တဝင် တိုက်စစ်မှူးကြီး ဂျင်မီ ဂရေ့ဗ်ရဲ့ ၂၆၆ဂိုး စံချိန်ကို ကျော်ဖြတ်ကာ စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

Photo Credit: Goal

ဟယ်ရီကိန်းက စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာလည်း အလန်ရှီးယားနဲ့ ရွန်းနီတို့ရဲ့နောက် တတိယမြောက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေကာ နောက်ထပ် သွင်းဂိုး ၉ဂိုး ထပ်မံ သွင်းယူနိုင်ရင် ဝိန်းရွန်းနီကိုပါ ကျော်ဖြတ်နိုင်ဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ဟယ်ရီကိန်း ၊ အလန်ရှီးယားနဲ့ ဝိန်းရွန်းနီတို့ သုံးဦးမှာ ဘယ်သူက ပိုကောင်းတဲ့ တိုက်စစ်မှူးလဲ ဆိုတဲ့ မေးခွန်း တခု ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန် နောက်ခံလူဟောင်း မီကာရစ်ချက်ကတော့ အလန်ရှီးယားနဲ့ ရွန်းနီတို့ဟာ ဟယ်ရီကိန်းထက် ပိုကောင်းတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

မီကာရစ်ချက်က – “ဟယ်ရီကိန်းက ထိပ်တန်း ကစားသမား တယောက်ပါ။ ပြီးတော့ သူက စပါးနဲ့အတူ ဆုဖလား တလုံးလောက် ရယူနိုင်လောက်ပါတယ်။ သူက ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကိုလည်း ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ဆုဖလား အောင်မြင်မှုနဲ့ သူ့ရဲ့ တန်ဖိုးကို ဖြတ်လို့ မရပါဘူး။ သူ့ရဲ့ သွင်းဂိုးတွေကိုပဲ ကြည့်ပြီး သူ့ရဲ့ တန်ဖိုးကို ဖြတ်ရပါမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိန်းက ရွန်းနီနဲ့ အလန်ရှီးယားတို့လောက် ကောင်းတဲ့ တိုက်စစ်မှူးလို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွန်းနီက ကွင်းထဲကို ရောက်တဲ့အခါတိုင်းမှာ တခြား ကစားသမားတွေ မလုပ်နိုင်တဲ့ အရာတွေ အများကြီးကို လုပ်ပြနိုင်ပါတယ်။ ပြီးတော့ အလန်ရှီးယားကလည်း ပျော်ရွှင်မှု အတွက် သွင်းဂိုးတွေ သွင်းယူနိုင်သူပါ။ (အလွယ်တကူ ဂိုးသွင်းနိုင်မှုကို ရည်ရွယ်လျက်)” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။