ဥရောပ အမှတ်ပေးပြိုင်ပွဲတွေအတွင်း သွင်းဂိုးအများဆုံး ကစားသမားတစ်ဦးကို ချီးမြှင့်လေ့ရှိတဲ့ ဥရောပ ရွှေဖိနပ်ဆုကို ဘောလုံးပရိသတ်တိုင်း ရင်းနှီးနေကြပါလိမ့်မယ်။ ဒီနှစ်ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆုအတွက် ဘယ်ကစားသမားတွေက ထိပ်ဆုံးနေရာမှာ ရှိနေကြသလဲ ဆိုတာကိုလည်း ဆက်လက် ဖော်ပြပေးသွားချင်ပါတယ်။

Photo  Credit : Sky Sports

ဒီရာသီရဲ့ အမှတ်ပေးလိဂ်ဂိုး အများဆုံး သွင်းယူထားတဲ့ ကစားသမား (၅)ဦးစာရင်းကို ဖော်ပြပေးသွားချင်ပါတယ်။ နံပါတ် (၅)နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး အိုပင်ဒါပါ။ အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူး အိုပင်ဒါဟာ ဒီရာသီမှာ လန်းစ်ကနေ လိုက်ပ်ဇစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါ သွင်းဂိုး (၁၉)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

စတုတ္ထနေရာမှာလည်း ဘွန်ဒက်စ်လီဂါက ကစားသမားပဲဖြစ်တဲ့ စတုဂတ် တိုက်စစ်မှူး ဂွီယာဆီက ရပ်တည်နေပါတယ်။ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေရသူ ဂွီယာဆီက စတုဂတ်အသင်းအတွက် ဘွန်ဒက်စ်လီဂါ သွင်းဂိုး (၂၂)ဂိုးအထိ သွင်းယူထားပြီး ရမှတ် (၄၄)မှတ် ပိုင်ဆိုင်ထားပါတယ်။

Photo Credit : Sempreniter

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်ကတော့ အင်တာအတွက် စီးရီးအေသွင်းဂိုး (၂၃)အထိ သွင်းယူထားနိုင်ခဲ့လို့ ရမှတ် (၄၆)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး စီးရီးအေမှာလည်း ဒီရာသီရဲ့ ဂိုးသွင်းအများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာပါ ရှိနေပါတယ်။

Photo Credit : Planet Sport

ဒီရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ကီလီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ လမ်းမခွဲခင် ဒီရာသီမှာ ဂိုးတွေ အမြောက်အများ သွင်းယူပေးနေပြီး အခုလည်း သူရဲ့ လီဂူး သွင်းဂိုးက (၂၄)ဂိုးအထိ ရှိနေကာ ဒုတိယနေရာမှာလည်း ရပ်တည်နေပါတယ်။

Photo Credit : Bundesliga

ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ ကစားသမားကတော့ ဘိုင်ယန်မြူးနစ်ရဲ့ ကစားသမားသစ် ဟယ်ရီကိန်းပါ။ ဒီရာသီမှ စပါးကနေ ဘိုင်ယန်ဆီ ပြောင်းရွှေ့လာတဲ့ ဟယ်ရီကိန်းက အခုထိ ဖလားတွေနဲ့ ကံမစပ်သေးပေမယ့်လည်း သူရဲ့ လက်ရှိ ဘွန်ဒက်စ်လီဂါ သွင်းဂိုးကတော့ (၃၁)ဂိုးအထိတောင် ရှိလို့နေပြီး ဒုတိယနေရာက ဘာပေထက်ကို (၇)ဂိုးအထိတောင် သာလွန်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက ၁၉၉၉-၂၀၀၀ ဘောလုံးရာသီနောက်ပိုင်း ဥရောပ ရွေဖိနပ်ဆုကို ပိုင်ဆိုင်နိုင်မယ့် ပထမဆုံး အင်္ဂလန် ဘောလုံးသမားပါ ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။