ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၃-၀ ဟော့ဖန်ဟိမ်း ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်ဘတ် လီဝန်ဒေါစကီးရဲ့ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တခုကို လိုက်မှီနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ စပါးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဘိုင်ယန်မြူးနစ်ဆီ ရောက်ရောက်ချင်းမှာပဲ သွင်းဂိုးတွေ တရစပ် သွင်းယူပေးထားပါတယ်။

Photo Credit: OPTA Analyst

ဟယ်ရီကိန်းက ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းရဲ့ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျနေကြပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၃-၀ ဟော့ဖန်ဟိမ်း ပွဲစဉ်မှာလည်း ဟယ်ရီကိန်းက ဆာနေး ၊ မူလာ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးခဲ့သလို ပွဲချိန် မိနစ် ၉၀မှာ အသင်းအတွက် တတိယမြောက် အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းက ဟော့ဖန်ဟိမ်းဘက်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဘွန်ဒက်လီဂါ သွင်းဂိုးဟာ ၂၂ဂိုး အထိ ရှိလာခဲ့ပြီး သူက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီး ရရှိထားတဲ့ ဘွန်ဒက်လီဂါ ပထမရာသီဝက် အတွင်း ဂိုးသွင်းအများဆုံး ကစားသမား (၂၂ဂိုး) ဆိုတဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းက ဘွန်ဒက်လီဂါရဲ့ ပထမ ရာသီဝက်အတွင်းမှာ (၁၆ပွဲ) အသင်းအတွက် ပွဲတိုင်းကို ဝင်ရောက် ကစားပေးခဲ့သလို သွင်းဂိုး ၂၂ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။