ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ရယူနိုင်ခဲ့မယ်ဆိုရင် ၂၀၂၅ ဘာလွန်းဒေါဆုအတွက်လည်း အခြေအနေကောင်းလာနိုင်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး အီမီ ဟက်စကီးက သုံးသပ်လိုက်ပါတယ်။
တော့တင်ဟမ် ဟော့စပါးအသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးမှ ၂၀၂၃ နွေကမှ ဘိုင်ယန်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကိန်းဟာ သူရဲ့ ဘိုင်ယန် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဂိုးပေါင်းများစွာ သွင်းယူခဲ့သလို ဒီရာသီမှာဆိုရင်လည်း (၃၂)ဂိုးသွင်း (၁၁)ဂိုးဖန်တီးပေးထားနိုင်ပါတယ်။
Photo Credit : Eurosport
ဘိုင်ယန်ကို စတင်ရောက်ချိန်က ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရသေးတဲ့ ကိန်းဟာ ဒီရာသီမှာတော့ အနည်းဆုံး ဘွန်ဒက်စ်လီဂါဖလား ရယူနိုင်ဖို့က သေချာသလောက် ရှိနေပြီး ချန်ပီယံလိဂ်မှာဆိုရင်လည်း ကွာတားဖိုင်နယ်အထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ တကယ်လို့ ကိန်းက ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ရော ဘွန်ဒက်စ်လီဂါပါ ရယူနိုင်မယ်ဆိုရင် ဘာလွန်းဒေါအတွက်ပါ အခြေအနေကောင်းနိုင်တယ်လို့ ဟက်စကီးက ပြောဆိုလိုက်ပါတယ်။
“ဒီနှစ်မှာ ဟယ်ရီကိန်း ဘလွန်းဒီအောဆုကို ရရှိနိုင်တယ်လို့ (၁၀၀)ရာခိုင်နှုန်း မြင်ပါတယ်။ ကိန်းနဲ့ဆိုရင် ဂိုးတွေရမယ်ဆိုတာကို အမြဲတမ်းသိထားပါတယ်။ သူဟာ ဒီနှစ်မှာ ဆုဖလားတစ်ခုခုကို ရရှိဖို့ရှိနေတယ်ဆိုတာကို မြင်ရတာ ကောင်းပါတယ်။ အနည်းဆုံး ဘွန်ဒစ်လီဂါဖလားပေါ့။ အဲဒါက သူ့ရဲ့ ဘလွန်းဒီအောဆုအတွက် အထောက်အကူဖြစ်စေပြီး ပြိုင်ပွဲထဲကို ရောက်စေပါလိမ့်မယ်။”
Photo Credit : Reuters
“အဲဒါက သူ့အတွက် ဆုကို အမှန်တကယ်ရရှိဖို့ လုံလောက်တဲ့အထိ အားသာချက် ရှိမလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ ဒါပေမယ့် သူက အဲဒီနှုန်းအတိုင်း ဂိုးတွေသွင်းနေသရွေ့ ပြိုင်ပွဲထဲမှာ အမြဲရှိနေမှာပါ။ ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ် ဖလား(၂)ခုလုံးကိုသာ ရခဲ့မယ်ဆိုရင်တော့ ဘလွန်းဒီအောဆုအတွက် ယှဉ်ပြိုင်နိုင်မှာ သေချာပါတယ်။” လို့ ဟက်စကီးက သုံးသပ်လိုက်ပါတယ်။
ဟယ်ရီကိန်းရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အကြီးမားဆုံး ပြောစမှတ်ဖြစ်စေတဲ့ အရာကတော့ အဓိကဆုဖလားတွေ မရရှိခဲ့တာပါပဲ။ ကိန်းဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အတည်ငြိမ်ဆုံး ဂိုးသွင်းသူတွေထဲက တစ်ဦးဖြစ်ပေမယ့် စပါးမှာ ကစားစဉ်ကတည်းက ဆုဖလားတွေနဲ့ နီးစပ်ခဲ့ပေမယ့် လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အဲဒီအခြေအနေကနေ ပြောင်းလဲဖို့ ရှိနေသလို ဘာလွန်းဒေါလို ဆုမျ်ိုးအတွက်ပါ မျှော်လင့်လာနိုင်ပါတယ်။