ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက မန်ချက်စတာ ယူနိုက်တက် Legend ကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းဟာ သူ စံပြထားခဲ့ရတဲ့ ဘောလုံးသမားကြီးတစ်ဦး ဖြစ်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

တကယ်တော့ ဟယ်ရီကိန်းက စပါးအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်လောက် ကျန်ရှိနေတော့ အချိန်လောက်မှာပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် စပါးဘက်က ဒေသတွင်း ပြိုင်ဘက်တွေကို မရောင်းထုတ်လိုတာကြောင့်ရော ယူနိုက်တက်ကလည်း ကိန်းကို စာချုပ်သက်တမ်း ကုန်ဆုံးမှသာ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် နောက်ဆုံးမှာ ဘိုင်ယန်ကိုသာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Harr Kane X

ဟယ်ရီကိန်းက သူငယ်စဉ်ကတည်းက ယူနိုက်တက်ရဲ့ အင်္ဂလန် တောင်ပံကစားသမား ဒေးဗစ် ဘက်ခမ်းကို အလွန် နှစ်သက်သူဖြစ်ပြီး ဘက်ခမ်းကိုလည်း သူရဲ့ Idol တစ်ဦးအဖြစ် သတ်မှတ်ထားသူလည်း ဖြစ်တယ်လို့ BBC Sports မှာ ဝန်ခံ ပြောကြားထားခဲ့ပါတယ်။

ဟယ်ရီကိန်းက “ကျွန်တော်က ဒေးဗစ် ဘက်ခမ်းလို ကစားသမားတွေကို အများကြီး ကြည့်ခဲ့ဖူးပါတယ်။ အခုတော့ ကျွန်တော်ကိုယ်တိုင်က ဒီလို အခြေအနေမျိုးကို ရောက်ရှိနေပါပြီ။ လူငယ် ကစားသမားလေးတွေ အများစုက တော်တော်များများက ကျွန်တော့်ကို စောင့်ကြည့်နေကြပါပြီ။”

Photo Credit : CNN

“ကွင်းအတွင်းမှာတင် မဟုတ်ပဲ ကွင်းပြင်ပက ကျွန်တော် လုပ်ဆောင်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကျွန်တော် စံပြထားရတဲ့ ပုဂ္ဂိုလ်ကြီး ဒေးဗစ် ဘက်ခမ်း ပြောခဲ့တာတွေအတိုင်း ကျွန်တော် လုပ်ဆောင်နေတာ မြင်ရပါမယ်။ ငယ်စဉ်က ဒီကစားသမားကြီး ပြောခဲ့တဲ့ အရာတွေအတိုင်း အခု ကျွန်တော် ဘာမဆို လုပ်ဆောင်ထားပြီးပါပြီ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ အသက် (၃၀)အရွယ် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားထားပြီးချိန် (၂၈)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ပြီး (၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို အသင်းတိုက်စစ်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။