မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့သားဖြစ်သူ ကိုင်ရွန်နီဟာ သူ့ရဲ့ဘောလုံးသမားဘဝအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၁၅)နှစ်သာ ရှိသေးပေမယ့် ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် Mladen Ramljak Tournament လို ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံတကာပြိုင်ပွဲဝင်မယ့် မန်ယူနိုက်တက်ရဲ့ အသက်(19)နှစ်အောက် (U-19) အသင်းမှာ အံ့အားသင့်ဖွယ်ရာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး (နံပါတ် ၉) အဖြစ်ရော တောင်ပံတိုက်စစ် ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ ဒီလူငယ်လေးဟာ ပြီးခဲ့တဲ့အပတ်က မြောက်အိုင်ယာလန်မှာ ကျင်းပခဲ့တဲ့ Super Cup NI ပြိုင်ပွဲမှာ ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းပြသခဲ့ပြီးနောက် အခုလို အသက်တန်း (၃)ဆင့် ကျော်လွှားပြီး ရွေးချယ်ခံခဲ့ရတာပါ။ အဆိုပါပြိုင်ပွဲမှာ ကိုင်ရွန်နီဟာ ယူနိုက်တက်ရဲ့ အသက်(၁၆)နှစ်အောက် (U-16) အသင်း ဗိုလ်လုပွဲရောက်အောင် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပေမယ့် ဆောက်သမ်တန်အသင်းကို ကပ်သီလေး ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင်တော့ နွေရာသီကျောင်းပိတ်ရက် မကုန်သေးခင်မှာပဲ ကိုင်ရွန်နီဟာ သူ့ထက် အသက်(၄)နှစ်အထိ ပိုကြီးတဲ့ ကစားသမားတွေနဲ့အတူ ဥရောပရဲ့ ထိပ်တန်းလူငယ်ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ခရိုအေးရှားထိပ်သီးကလပ် ဒိုင်နမိုဇာဂရက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Mladen Ramljak Memorial ပြိုင်ပွဲဟာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ လူကာ မိုဒရစ်၊ မာဆယ်လို ဘရိုဇိုဗစ်နဲ့ အီဒူအာဒို ကာမာဗင်ဂါတို့လို ကစားသမားကောင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် ကင်းထောက်တွေနဲ့ ထိပ်တန်းအကယ်ဒမီအသင်းတွေအတွက် သံလိုက်တုံးလို ဆွဲဆောင်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အုပ်စု (A)မှာ လက်ရှိချန်ပီယံ ဒိုင်နမိုဇာဂရက်၊ ဂျူဗင်တပ်စ်နဲ့ ရာပစ်ဘူးခါရက်စ်တီ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ကိုင်ရွန်နီနဲ့ သူ့ရဲ့လူငယ်အသင်းဖော်တွေဟာ ကြာသပတေးနေ့မှာ ရာပစ်အသင်းနဲ့ အဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲကိုတော့ တနင်္ဂနွေနေ့မှာ အုပ်စုဗိုလ်လုပွဲနဲ့အတူ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အုပ်စု (B) မှာတော့ ပီအက်စ်ဂျီ၊ ဘင်ဖီကာ၊ ဘိုလော့ဂနာနဲ့ ရှက်တာဒိုးနက်တို့လို ထိပ်သီးလူငယ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

Photo Credit : The Sun

ယူနိုက်တက်အသင်းရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကိုင်ရွန်နီရဲ့ ရေရှည်အလားအလာအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြသလိုက်တာဖြစ်ပြီး သူ့အပြင် U-15 နဲ့ U-16 အဆင့်က တခြားထူးချွန်တဲ့ လူငယ်ကစားသမားတချို့ကိုလည်း ခေါ်ယူသွားတယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ အသက်(၁၄)နှစ်အရွယ် တိုက်စစ်မှူးလေး ဂျေဂျေ ဂါဘရီရယ်လ်လည်း ပါဝင်လာပါတယ်။ သူဟာ Nike ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားပြီး ‘Kid Messi’ လို့ တင်စားခေါ်ဝေါ်ကြတဲ့ အံ့အားသင့်ဖွယ် ကစားသမားလေးဖြစ်ကာ ယခုနှစ်အစောပိုင်းက လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ U-18 ပွဲဦးထွက်မှာ (၂)ဂိုးအထိ သွင်းယူပြခဲ့သူ ဖြစ်ပါတယ်။

ကိုင်ရွန်နီအတွက် ဒီအခွင့်အရေးဟာ Super Cup NI ပြိုင်ပွဲက ခြေစွမ်းကောင်းတွေရဲ့ အဆက်ဖြစ်ပြီး အဲ့ဒီပြိုင်ပွဲဟာ ရွန်နီမိသားစုအတွက် အမှတ်တရတွေ ရှိနေတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဝိန်းရွန်နီကိုယ်တိုင် ၂၀၀၀ ခုနှစ်က အဲဗာတန်လူငယ်ကစားသမားဘဝနဲ့ Milk Cup လို့ခေါ်တဲ့ အဆိုပါပြိုင်ပွဲမှာ ဝင်ရောက်ကစားခဲ့ဖူးပါတယ်။