ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဝိန်းရွန်းနီရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ကိုင်ရွန်းနီကတော့ သူ့ရဲ့ အိမ်မက်ဟာ တနေ့မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးခွင့် ရဖို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီနဲ့ သူ့ရဲ့ ဇနီးသည် ကောလင်း ရွန်းနီတို့ရဲ့ သားအကြီးဆုံး ဖြစ်သူ ကိုင်ရွန်းနီက ဘောလုံးသမား တဦး ဖြစ်လာအောင် ကြိုးစား လေ့ကျင့်နေသူ ဖြစ်ပြီး ကိုင်ရွန်းနီက သူ့ရဲ့ ဖခင်ဖြစ်သူ ဝိန်းရွန်းနီလိုပဲ တိုက်စစ်မှူး အဖြစ် ကစားသူပါ။

Photo Credit: Daily Mail

ကိုင်ရွန်းနီက ဝိန်းရွန်းနီ တယောက် မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က ယူနိုက်တက်ရဲ့ လူငယ်အသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို ရွန်းနီ တယောက် အဲဗာတန် ၊ ဒီစီ ယူနိုက်တက်နဲ့ ဒါဘီတို့ဆီ ပြောင်းရွှေ့ခဲ့ရချိန်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီဆိ ဝင်ရောက်ခဲ့ပါတယ်။

ကိုင်ရွန်းနီက ၂၀၂၀ခုနှစ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၆ဂိုး သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၂၈ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

ကိုင်ရွန်းနီရဲ့ မှတ်တမ်းက လူငယ် ကစားသမား တဦး အတွက် အတော်လေးကို ကောင်းမွန်တဲ့ မှတ်တမ်းတခု ဖြစ်ပြီး ကိုင်ကတော့ သူဟာ လာမယ့် ၁၀နှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

ကိုင်ရွန်းနီက – “လာမယ့် ၁၀နှစ် အတွင်းမှာ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က အဲ့ဒါပါပဲ။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီ ရည်မှန်းချက် ပြည့်ဝလာအောင် အများကြီး ကြိုးစားရပါဦးမယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။