အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ နည်းပြချုပ် ဖြစ်သူ အယ်လီဂရီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူ့ရဲ့ လက်ရှိကလပ် ဂျူဗင်တပ်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် အီတလီလူမျိုး ထိပ်သီးနည်းပြ အယ်လီဂရီက ဂျူဗင်တပ်ရဲ့ သက်တော်ရှည်နည်းပြ တဦး ဖြစ်ပြီး သူက ၂၀၁၄ခုနှစ် ကနေ ၂၀၁၉ခုနှစ် အထိ ဂျူဗင်တပ်ကို ၆နှစ် ကြာအောင် ကိုင်တွယ်ပြီးနောက် အသင်းရဲ့ နည်းပြရာထူး ကနေ ခေတ္တ နုတ်ထွက်ခဲ့ပေမယ့် ၂၀၂၁ခုနှစ်မှာ ဂျူဗင်တပ်ဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Photo Credit: Goal

အယ်လီဂရီက ဂျူဗင်တပ်နဲ့ ပထမဦးဆုံး ပေါင်းစည်းချိန်မှာ အသင်းအတွက် ဆုဖလားပေါင်းများစွာ ရယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဒုတိယအကြိမ် ဂျူဗင်တပ်နဲ့ ပေါင်းစည်းမှုကတော့ ထင်ထားသလို အောင်မြင်မှုတွေ မရခဲ့ပဲ သူက ၂၀၂၁ခုနှစ် ကနေ ၂၀၂၄ခုနှစ် အတွင်းမှာ ဂျူဗင်တပ် အတွက် ဆုဖလား တလုံးမှ မရယူပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေက အသင်းအတွက် ဆုဖလားတွေ မယူပေးနိုင်တဲ့ အယ်လီဂရီနဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲကာ အသင်းကို အောင်မြင်မှုတွေဆီ ခေါ်ဆောင်သွားနိုင်မယ့် နည်းပြသစ် တဦးကို ခေါ်ယူ ခန့်အပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နဲ့ အယ်လီဂရီတို့က ရာသီကုန်ချိန်မှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ရှိနေပြီး ဂျူဗင်တပ်က အယ်လီဂရီရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြသစ် တဦးကို လိုက်လံ ရှာဖွေနေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ဂျူဗင်တပ်က ဒီရာသီမှာ ဘိုလော့ဂ်နာကို အကောင်းဆုံး ကိုင်တွယ်ကာ စီးရီးအေပြိုင်ပွဲရဲ့ တလတာ အကောင်းဆုံး နည်းပြဆုတွေကို တဦးထဲ သိမ်းကြုံး ရယူနေတဲ့ သီယာဂို မော့တာကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး ဂျူဗင်တပ်နဲ့ မော့တာတို့ ကြားထဲမှာ တရားဝင် ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။