ဂျုဗင်တပ်စ်အသင်းဟာ သူတို့အသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ ဖရက်ဒရစ်ကို ခီယေဆာကို အခု နွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားတော့မှာဖြစ်ပြီး ခီယေဆာအတွက်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးနဲ့ ရောင်းချသွားဖို့ အစီအစဉ် ရှိနေတယ်လို့ ရိုမာနိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက် (၂၆)နှစ်အရွယ် အီတလီလက်ရွေးစင် တောင်ပံကစားသမား ခီယေဆာဟာ လွန်ခဲ့တဲ့ ၂၀၂၀ကတည်းက ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်အသင်းဆီကို (၂)ရာသီအငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားသက်တမ်း ပြည့်သွားချိန်မှာပဲ ယူရို သန်း(၄၀)နဲ့ အပြီးသတ် ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : CBS Sports

ခီယေဆာဟာ ဂျုဗင်တပ်စ်နဲ့ အီတလီအသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ၂၀၂၂ နှစ်စပိုင်းမှာ ရရှိသွားခဲ့တဲ့ ACL ဒဏ်ရာကြောင့် လအတန်ကြာအထိ အနားယူခဲ့ရတဲ့အပြင် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း ပုံမှန် ခြေစွမ်းမျိုး ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ခီယေဆာက ပုံမှန် ခြေစွမ်းတွေ ပြန်လည် ပြသလာနိုင်ခဲ့ပြီး ဂျုဗင်တပ်စ်နဲ့လည်း စာချုပ်သက်တမ်းက တစ်နှစ်တည်းပဲ ကျန်ရှိတော့ချိန်မှာ အသင်းဘက်ကနေ ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် ဂျုဗင်တပ်စ်က ခီယေဆာကို လာမယ့်နှစ်မှာ အလွတ်နဲ့ လက်လွတ်ရမယ့်အစား အခုနွေမှာပဲ အပြီးသတ် ရောင်းချသွားဖို့ စီစဉ်လာပါတော့တယ်။

Photo Credit : TEAMtalk

ဂျုဗင်တပ်စ်က နည်းပြ သီယာဂို မော့တာကို အသင်းနည်းပြသစ်အဖြစ် မခန့်အပ်ခင်ကတည်းက ခီယေဆာကို စာချုပ်သစ် ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခု မော့တာရဲ့ အနာဂတ် အစီအစဉ်မှာပါ ခီယေဆာ မပါဝင်တော့တာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ထပ်မံ မလုပ်ဆောင်တော့ပဲ အသင်းကနေ တစ်ခါတည်းသာ အပြီးသတ် ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ခီယေဆာကိုတော့ လီဗာပူးလ် ချယ်လ်ဆီး မန်ယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် စီးရီးအေ ကလပ်အသင်းတွေလည်း စိတ်ဝင်စားနေကြပြီး ငွေကြေးပိုင်း အခြေအနေအရ ပရီးမီးယားလိဂ် ကလပ်တွေက အခြေအနေ ပိုကောင်းနိုင်ပေမယ့် ကစားသမားဖြစ်သူကတော့ အီတလီမှာပဲ ဘောလုံးကစားရဖို့ ပိုပြီး ဆန္ဒရှိနိုင်ပါတယ်။