အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ ဂီအမ်တိုလီက ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို မရောင်းဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေထက် အားနည်းနေပါတယ်။

Photo Credit: Football 365

အထူးသဖြင့် ဂျေဇူးနဲ့ အန်ခီးတီးယား နှစ်ဦးထဲသာ ရှိနေတဲ့ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းက အတော်လေးကို အားနည်းနေသလို နှစ်ဦးစလုံးက ဂိုးသွင်းမုဆိုးတွေ မဟုတ်တာကြောင့် အာဆင်နယ်နည်းပြချုပ် အာတီတာက ယခု ဆောင်းဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ယခု ဈေးကွက်အတွင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပြီး အာဆင်နယ်က ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဘရန့်ဖို့ဒ်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို ပေါင် ၁၀၀သန်း ရမှသာ ရောင်းချမယ်လို့ ပြန်လည် အသိပေးခဲ့တာကြောင့် အာဆင်နယ်ဟာ တိုနေးကို ခေါ်ယူမယ့် အစီအစဉ်အား လက်လျှော့ခဲ့ရပါတယ်။

Photo Credit: The Sun

တိုနေးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက် အာဆင်နယ်က သူတို့ရဲ့ ပစ်မှတ်ဟောင်း ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပြီး ဂျူဗင်တပ်ရဲ့ ဒါရိုက်တာ ဂီအမ်တိုလီကတော့ သူတို့အသင်းဟာ ဗလာဟိုဗစ်လို အဓိက တိုက်စစ်မှူးကို ဘယ်တော့မှ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

ဂီအမ်တိုလီက – “အာဆင်နယ်က ဗလာဟိုဗစ် အတွက် ကမ်းလှမ်းတော့မယ် ဆိုတဲ့ သတင်းလား။ ကျွန်တော်တို့က အဲ့ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာကိုမှ မသိသလို အာဆင်နယ်ရဲ့ ချိတ်ဆက်မှုတွေလည်း မရထားပါဘူး။ ကျွန်တော်တို့က ဗလာဟိုဗစ်ကို ရောင်းချမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။