အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ တောင်အမေရိက ကြယ်ပွင့်ကစားသမားလေး ကားလို့စ် အယ်လ်ကာရက်ဇ်ကို အံအားသင့်စဖွယ် ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဂျုဗင်တပ်စ်အသင်းက အခု ဆောင်းစျေးကွက်ထဲမှာ လိုင်လီ နောက်ခံလူတစ်ဦးသာ ခေါ်ယူထားခဲ့ပြီး တခြားကစားသမားတွေနဲ့ အပြောင်းအရွှေ့သတင်း သိပ်မထွက်ခဲ့ပေမယ့် အခု ဗြုန်းစားကြီး ဆောက်သမ်တန် ကွင်းလယ်လူ အယ်လ်ကာရက်ဇ်ကို အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ယူ-၂၁ ကွင်းလယ်ကစားသမားလေး အယ်လ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ အာဂျင်တီးနားကလပ် ရေးဆင်းကနေ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းပြောင်းပြီး လပိုင်းအကြာမှာပဲ ဆောက်သမ်တန်က ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့ရပါတယ်။

ဆောက်သမ်တန်နဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ရောက်သွားခဲ့ပေမယ့်လည်း ဆောက်သမ်တန်အသင်းအတွက် (၂၆)ပွဲကစား (၄)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ အယ်လ်ကာရက်ဇ်က အခုဆိုရင် သူရဲ့ကစားသမားဘဝကို အလှည့်အပြောင်း ဖြစ်စေနိုင်မယ့် အပြောင်းအရွှေ့ အခွင့်အရေးတစ်ခု ပိုင်ဆိုင်လို့နေပြီ ဖြစ်ပါတယ်။

Photo Credit : The Sun

အယ်လ်ကာရက်ဇ်ကို ဂျုဗင်တပ်စ်အသင်းက အခုဘောလုံးရာသီ အကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး အငှားနဲ့ လာကစားတုန်း ခြေစွမ်းပိုင်းတွေကို သဘောကျတယ်ဆိုရင် ယူရို သန်း(၄၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါ ထည့်သွင်းထားခဲ့ပါတယ်။ အပြီးသတ်ခေါ်ယူခွင့်ကတော့ မဖြစ်မနေ ခေါ်ယူရမှာ မဟုတ်ပဲ ခြေစွမ်းပိုင်းကို သဘောကျမှသာ ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကတော့ အယ်လ်ကာရက်ဇ်အတွက် ရိုလာကိုစတာ စီးနေရသလို ဖြစ်နေမှာ သေချာနေပြီး ၂၀၂၃တုန်းက ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးရဲ့ ကစားသမားတစ်ဦး ဖြစ်လာချိန် လပိုင်းအကြာမှာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းလိုက်ရပေမယ့် အခု ၂၀၂၄မှာပဲ ဂျုဗင်တပ်စ်လို အီတလီ ထိပ်သီးကလပ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရတော့မှာက အယ်လ်ကာရက်ဇ်အတွက်တော့ အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။