ဂျုဗင်တပ်စ်အသင်းကတော့ စီးရီးအေ ကစားသမားဟောင်းဖြစ်သူ ဂျိုရှုအာ ဇာ့ခ်ဇီးကို မန်ချက်စတာ ယူနိုက်တက်ကနေ ခေါ်ယူသွားနိုင်ဖို့အတွက် အသင်းက တိုက်စစ်ကစားသမား ဒူဆန် ဗလာဟိုဗစ်နဲ့ပါ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားချင်နေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဇာ့ခ်ဇီးကို ဒီနွေမှာပဲ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ဇာ့ခ်ဇီးဟာ လက်ရှိ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ ဘယ်လိုမှ အားထားရတဲ့ အခြေအနေမှာ ရှိမနေဘဲ ပုံမှန်ခြေစွမ်းမျိုး ပြသနိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

Photo Credit : ESPN

အသက်(၂၃)နှစ်အရွယ် ဘိုင်ယန်ကစားသမားဟောင်း ဇာ့ခ်ဇီးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားထားရာမှာ သွင်းဂိုး (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ပွဲကစားခွင့်တွေပါ အကန့်အသတ်နဲ့ ဖြစ်နေရတာကြောင့် သူရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရသလို ဂျုဗင်တပ်စ်ကလည်း ဇာ့ခ်ဇီးကို စီးရီးအေပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ချင်လာပါတယ်။

လက်ရှိ ဂျုဗင်တပ်စ်အသင်းနည်းပြ မော့တာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုလော့ဂ်နာကို ကိုင်တွယ်ခဲ့ဖူးတာ ဖြစ်သလို ဇာ့ခ်ဇီးနဲ့လည်း အတူတူ လက်တွဲခဲ့ဖူးတာဖြစ်လို့ အခု ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေရတဲ့ သူ့တပည့်ဟောင်းကို ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်ဆီကို ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်ကလည်း ဇာ့ခ်ဇီးအပြင် မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုပါ အသင်းကနေ ရောင်းထုတ်ချင်နေပေမယ့် သူတို့နေရာမှာ အစားထိုးနိုင်ဖို့ တိုက်စစ်မှူးတွေ မရှိသေးတာကြောင့် လက်လွတ်ဖို့ ခက်ခဲနေချိန်မှာ ဂျုဗင်တပ်စ်ဘက်က သူတို့ရဲ့ တိုက်စစ်မှူး ဗဟာဟိုဗစ်ကို အသုံးပြုပြီး ဇာ့ခ်ဇီးကို အသင်းဆီ ခေါ်ယူဖို့ လုပ်ဆောင်လာပါတယ်။

talkSPORT ရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်က သူတို့အသင်းမှာ စာချုပ်သစ် တိုးမြှင့်ဖို့ ခက်ခဲနေပြီး စာချုပ်သက်တမ်းလည်း (၁၈)လသာ ကျန်နေတော့တဲ့ ဗလာဟိုဗစ်နဲ့ ယူနိုက်တက်က ဇာ့ခ်ဇီးတို့ကို ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဗလာဟိုဗစ်ကလည်း ယူနိုက်တက် ပစ်မှတ်ထားဖူးတဲ့ တိုက်စစ်မှူးဖြစ်လို့ ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။