အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က သူတို့အသင်းရဲ့ နွေရာသီ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ နယ်သာလန် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပေးအား ခေါ်ယူနိုင်ဖို့ ယနေ့မှာပဲ ဒီပေးရဲ့ ရှေ့နေတွေထံ စာချုပ်တရပ် ပေးပို့ ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် အီတလီ စီးရီးအေ ဆုဖလားကို မီလန်မြို့ခံ အသင်းနှစ်သင်းထံ လက်လွှတ်ထားရတဲ့ ဂျူဗင်တပ်က ယခု ဘောလုံးရာသီမှာတော့ သူတို့ရဲ့ အီတလီ ချန်ပီယံဘွဲ့ကို ပြန်လည် ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရပေမယ့် အသင်းကို တတ်နိုင်သလောက် အားဖြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Marca

တဖက်မှာတော့ အသက် ၂၈နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပေးက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လိုင်ယွန်ကနေ ဘာစီလိုနာထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ ဘာစီလိုနာနဲ့ ယခုနှစ် ဘောလုံးရာသီကုန် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

ဒါပေမယ့် ဘာစီလိုနာက သူတို့အသင်းရဲ့ ကစားသမားသစ် ခွန်ဒေကို စာရင်းသွင်းနိုင်ဖို့ အသင်းရဲ့ ကစားသမား တချို့အား ရောင်းထုတ်ရန် လိုအပ်နေသလို ဒီဂျောင်ကလည်း သူ့ရဲ့ ကျောနံပါတ်၉ကို ဆုံးရှုံးခဲ့ရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းကာ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ယနေ့မနက် အစောပိုင်းမှာ ဒီပေးရဲ့ ရှေ့နေတွေထံ သူတို့အသင်းဘက်က ပြင်ဆင်ထားတဲ့ စာချုပ်ကို ပေးပို့ခဲ့ပြီး နှစ်ဦးနှစ်ဖက် ကြားမှာ ဆွေးနွေးမှုတွေကလည်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေကြကာ လာမယ့်အပတ်ထဲမှာပဲ ပြီးပြတ်ဖွယ် ရှိကြောင်း သိရပါတယ်။

ဂျူဗင်တပ်ကတော့ ဒီပေးကို မြန်နိုင်သမျှ မြန်မြန် ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဒီပေးကလည်း သူနဲ့ ဂျူဗင်တပ်တို့ ကြားမှာသာ တိကျ ရေရာတဲ့ သဘောတူညီမှု ရရင် ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းတော့မယ်လို့ နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။