ဂျုဗင်တပ်စ်အသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ဇီးကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ ရှိခဲ့သလို အခုလည်း နွေဈေးကွက်အတွက် ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်းကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။
ဂျုဗင်တပ်စ်အသင်းဟာ ဒီရာသီအစမှာ ဘိုလော့ဂ်နာနည်းပြ သီယာဂို မော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် မော့တာက သူနဲ့ ဘိုလော့ဂ်နာမှာ အတူလက်တွဲခဲ့ဖူး တပည့်ဟောင်း ဇက်ဇီးကို ဂျုဗင်တပ်ဆီ ခေါ်ဆောင်ချင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် မူအာနီကိုသာ ပီအက်စ်ဂျီကနေ အငှားခေါ်ယူခဲ့ရပါတယ်။
Photo Credit : Yardbarker
ဂျုဗင်တပ်စ်အနေနဲ့ လာမယ့်နွေမှာ အသင်းတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ လက်တွဲဖြုတ်ဖွယ်လည်း ရှိနေတာကြောင့် အထောင်တိုက်စစ်မှူးတစ်ဦး ပြန်ခေါ်သွားဖို့ ရှိနေရာ စီးရီးအေ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဒိန်းမတ် တိုက်စစ်ကစားသမား ဟွိုင်လန်းကို ယူနိုက်တက်ဆီကနေ ခေါ်ယူသွားချင်နေပါတယ်။
အသက်(၂၂)နှစ်အရွယ် တိုက်စစ်မှူး ဟွိုင်လန်းဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၇)ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၁၄)ဆက်တိုက်အထိ ဂိုးပေါက်ပျောက်ထားရသလို ယူနိုက်တက် တိုက်စစ်ပိုင်းအတွက် အားကိုးရတဲ့ အနေအထားမှာ ရှိမနေဘဲ ဂိုးတစ်ဂိုးရဖို့ အတော်လေး ရုန်းကန်နေရပါတယ်။
Photo Credit : Goal
ဒီလို အခြေအနေကြောင့် ယူနိုက်တက်က လာမယ့်နွေမှာ ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူဖို့အတွက် ဟွိုင်လန်း ဒါမှမဟုတ် ဇက်ဇီးတို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ နည်းပြ ရူဘင် အမော်ရင်ကလည်း အသင်းတိုက်စစ်ပိုင်းအတွက် ဗစ်တာ ယိုကယ်ရက်စ်ကို ယူနိုက်တက်ဆီ ခေါ်ဆောင်ချင်နေတာကြောင့် ဇက်ဇီးထက်တောင် အသုံးမကျ ဖြစ်နေတဲ့ ဟွိုင်လန်းက ပိုပြီး ရောင်းချရနိုင်ပါတယ်။
ဒါကြောင့် ဟွိုင်လန်းကို ပရီးမီးယားလိဂ်က ဝက်စ်ဟမ်းအသင်းအပြင် အခု ဂျုဗင်တပ်စ်အသင်းကပါ အလိုရှိလာခဲ့ပါတယ်။ ဟွိုင်လနး်က စီးရီးအေကလပ် အတ္တလန်တာနဲ့ အီတလီ ဘောလုံးနယ်ပယ်မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဂျုဗင်တပ်စ်က သူ့ကို ဗလာဟိုဗစ်နေရာအတွက် ပြန်လည် အစားထိုးသွားချင်နေပါတယ်။