ဂျုဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ လက်ရှိနည်းပြ သီယာဂို မော့တာနဲ့ လက်တွဲဖြုတ်ရနိုင်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြများစွာကို ချိန်ရွယ်လျက် ရှိနေရာ ဒီထဲမှာ ရီးယဲလ် မက်ဒရစ်နည်းပြဟောင်းနဲ့ အသင်းက ကစားသမားဟောင်း ဇီနဒင် ဇီဒန်းပါ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘိုလော့ဂ်နာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ရင်းနဲ့ ဒီနွေမှာ ဂျုဗင်တပ်စ်အသင်းဆီ ရောက်လာခဲ့တဲ့ မော့တာဟာ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာတို့မှာ ပြိုင်ပွဲကနေ ထွက်ခွာထားရသလို စီးရီးအေမှာလည်း အဆင့်(၅)နေရာထိပါ ရောက်ရှိနေပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်က နောက်ဆုံး ကစားထားတဲ့ စီးရီးအေ (၂)ပွဲဆက်တိုက်မှာလည်း ရှုံးပွဲတွေ ကြုံတွေ့ထားရတာကြောင့် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ဂျီနိုအာနဲ့ ကစားရမယ့် စီးရီးအေပွဲမှာပါ ရလဒ်ဆိုးနေဦးမယ်ဆိုရင် အဲ့ဒီပွဲက မော့တာအတွက် ဂျုဗင်တပ်စ် နည်းပြဘဝ နောက်ဆုံးပွဲပါ ဖြစ်သွားနိုင်ပါတယ်။

တကယ်လို့ ဂျုဗင်တပ်စ်က မော့တာကိုသာ အသင်းကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင် သူ့နေရာမှာ ချက်ချင်း အစားထိုးဖို့အတွက် အသင်းလက်မဲ့ နည်းပြတွေထဲက အီတလီနည်းပြဟောင်း ရောဘတ်တို မန်စီနီနဲ့ အသင်းရဲ့ ကစားသမားဟောင်းကြီး အီဂေါ တူဒေါတို့အပြင် ဇီဒန်းကိုပါ ချိန်ရွယ်လို့ထားပါတယ်။

Photo Credit : Goal

နည်းပြဘဝမှာ ရီးယဲလ် တစ်သင်းတည်းကိုသာ ကိုင်တွယ်ခဲ့ပြီး သူမတူတဲ့ အောင်မြင်မှုတွေ ရယူပေးထားတဲ့ ဇီဒန်းဟာ ၂၀၂၁ခုနှစ် နောက်ပိုင်းကတည်းကနေ အသင်းလက်မဲ့ ဖြစ်လို့နေပေမယ့် ဒီဒီယာ ဒက်ချမ့်နဲ့ လမ်းခွဲရတော့မယ့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့အတွက် အလွန် ရေပန်းစားလို့နေပါတယ်။

ဇီဒန်းအနေနဲ့ကလည်း ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေထက် သူ့နိုင်ငံအသင်းအတွက်ကိုသာ နည်းပြအဖြစ် ဆောင်ရွှက်သွားဖို့ ရှိနေတာကြောင့် ဂျုဗင်တပ်စ်က မော့တာကိုသာ ထုတ်ပယ်ဖြစ်မယ်ဆိုရင် မန်စီနီ ဒါမှမဟုတ် တူဒေါတို့ထဲက တစ်ဦးဦးကိုပဲ အစားထိုး ခန့်အပ်ရနိုင်ဖွယ် ရှိနေပါတယ်။