အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် လာဇီယိုရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ဖိလစ်ပီ အန်ဒါဆန်ကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဖိလစ်ပီ အန်ဒါဆန်က လာဇီယိုပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ပြီး သူက လာဇီယိုမှာ ၉နှစ် ကြာအောင် ကစားခဲ့တာကြောင့် ဂန္တဝင် ကစားသမား အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

Photo Credit: Standard

ဖိလစ်ပီ အန်ဒါဆန်က လာဇီယို အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၃၀၀ အထိ ကစားပေးခဲ့ရာ သွင်းဂိုး ၅၄ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၆၂ကြိမ် ရရှိထားပြီး သူက ဒီရာသီမှာလည်း လာဇီယို အတွက် ၁ဂိုး သွင်းပေးထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

အန်ဒါဆန်က လာဇီယိုရဲ့ တိုက်စစ်ပိုင်း အတွက် အသက်သွေးကြောလို ဖြစ်နေပေမယ့် လာဇီယိုက ဘဏ္ဍာရေးအခြေအနေ သိပ်မကောင်းတာကြောင့် အန်ဒါဆန်ကို အခုချိန်အထိ စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးပဲ လာဇီယိုနဲ့ အန်ဒါဆန်တို့ရဲ့ လက်ရှိစာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Calcio Mercato

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က လာဇီယိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဖိလစ်ပီ အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျူဗင်တပ်ဟာ အန်ဒါဆန်ကို ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

အန်ဒါဆန်က လာဇီယိုနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ သူ နှစ်သက်တဲ့ အသင်းနဲ့ အကြိုသဘောတူညီမှု ရယူပိုင်ခွင့် ရှိနေပြီး ဂျူဗင်တပ်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အန်ဒါဆန်ဆီ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့နိုင်ပါတယ်။